လမ်းနှစ်သွယ်
လေးလှသည့် ခန္ဓာဝန်
ခန္ဓာဝန် သိပ်ပြီးလေးတယ်ဆိုတာ
ကလေးရော လူကြီးပါ စဉ်းစားကြည့်၊ ကလေးတွေ က ခန္ဓာဝန်လေးတယ်လို့ ထင်ပါ့မလား၊ တစ်ခါတလေ
သူတို့ မငိုရဘူးလား၊ ငိုရတယ်၊ အဲဒီ ငိုရတာ ဟာ ဘာလဲ၊ ဒေါသမူဒွေးပဲ၊ ခန္ဓာဆိုရင် ဝိညာဏက္ခန္ဓာ၊
ခန္ဓာကိုယ်ဝန်ဟာ သိပ်လေးပါတယ်၊ တရားတော်တွေက စဉ်းစားလေ ကောင်းလေပဲ၊ ကိုရင်တို့ ဦးပဉ္စင်းတို့
စဉ်းစားကြ၊ မစဉ်းစားလို့ မဖြစ်ဘူး။
ခန္ဓာဝန် လေးတာကို သံဝေဂဉာဏ်ဖြစ်အောင်
ကြည့်တတ် ရင် ကောင်းတယ်၊ သံဝေဂဉာဏ်ဖြစ်တော့ ဒီခန္ဓာဝန်အပေါ်မှာ တပ်မက်မှု စွဲလမ်းမှု တဏှာဟာ
သိသိသာသာ လျော့သွား တယ်၊ ဒီခန္ဓာဝန်ကြီးကို နောက်ထပ် မလိုချင်အောင် လျော့သွားမှ ပိုကောင်းတယ်၊
ခန္ဓာဝန်ကို နောက်ထပ် မလိုချင်တဲ့ ပုဂ္ဂိုလ်များမှာတော့ တရား လက်မလွှတ်တော့ဘူး၊ သူ့မှာ
တရားမြဲနေပြီ။
ယောကျာ်းများ
ထမ်းရသည့် ခန္ဓာဝန်
တို့ ယောကျာ်းများ ထမ်းရတဲ့
ခန္ဓာဝန်ကိုကြည့်ကြစမ်း၊ ကျေးတောသားတွေဆိုရင် နေပူ မိုးရွာ မရှောင် အလုပ်တွေ လုပ်ကြရတယ်၊
မိုးတွင်းကျပြန်တော့လဲ မိုးတွင်းမို့လို့ လုပ်ကြရ ကိုင်ကြရတယ်၊ ထယ်ထိုးရ,လယ်ထွန်ရ,
စပါး ကြဲရ, ပျိုးနုတ်ရ, ကောက်လှိုင်းစည်းရ, သယ်ရ, စပါးနယ်ရ စသည်ဖြင့် လုပ်ကြရတာ ဘယ်လောက်
တာဝန်လေးသလဲ။
မြို့နေလူတန်းစားတွေကော
တချို့ကုန်သည် ပွဲစားတွေ ဘယ်လောက် ပင်ပန်းသလဲ၊ စီးပွားရေးအတွက် သွားကြရ လာကြရ ရှာကြရ
ဖွေကြရ၊ ရှာဖွေရင်းက ဘေးအန္တရာယ်တွေနဲ့ တွေ့ကြပြီး ပြင်းပြင်းထန်ထန် ဒုက္ခတွေ ရောက်ကြရတယ်၊
တချို့ဆို သေကြရတယ်၊
ဒါယိကာမများ
ထမ်းရသည့် ခန္ဓာဝန်
တို့ဒါယိကာမတွေဆိုရင်
ခန္ဓာဝန်ထမ်းရတာပိုလေးသေးတယ်၊ ဒါပေမယ့် သူတို့က လေးလို့ လေးမှန်း မသိကြဘူး၊ သနပ်ခါးလိမ်းရ,
ခေါင်းဖြီး, အုန်းဆီလိမ်းရ, ပွဲနေပွဲထိုင် သွားတော့မယ်ဆိုရင် သာ..ဆိုးသေးတယ်၊ ဒါတွေ
ဘယ်သူ့ကြောင့် လုပ်ရတာလဲ၊ ခန္ဓာဝန်ကြီး ရလာလို့ပဲ၊
ပဋိသန္ဓေရလာ ပြန်တော့ကော
မသက်သာဘူး၊ စောင့်ရှောက်လိုက်ရတာ၊ ကိုယ့်ခန္ဓာဝန် ကိုယ်ထမ်းနေရုံနဲ့ အားမရနိုင်သေးလို့
အပို ခန္ဓာဝန်ပါ ထမ်းရတယ်၊ ဒီသန္ဓေသား မွေးဖွားလာပြန်တော့ ခံလိုက်ရတဲ့ ဒုက္ခ၊ သေလုမျောပါး
ခံကြရတယ်၊
တချို့ဆိုရင် အသက် သေတဲ့အထိ
ခံသွားကြရတယ်၊ သား သမီးတွေ ရလာ ပြန်တော့လဲ ဒီသား ဒီသမီးတွေအတွက် ထမ်းလိုက်ရတာ ဘယ်လောက်
ဝန်လေးသလဲ၊ မြေး မြစ်ထိအောင် ဆက်ထမ်း ကြရတယ်၊ ဒီလိုနဲ့ အချိန်တွေ ကုန်ပြီး ဘဝနိဂုံး
အဆုံးသတ် ရတဲ့ ပုဂ္ဂိုလ်တွေ မရေတွက်နိုင်တော့ဘူး။
ဘုန်းကြီးများကော
ကင်းရဲ့လား
လူတွေကိုသာ ပြောပြော
နေရတယ်၊ တို့ဘုန်းကြီးတွေကော လာဘ်လာဘတွေ ပေါများချင်ကြတယ်၊ ဘုန်းကြီး ချင်ကြတယ်၊ ဒါယကာ
ဒါယိကာမတွေ ပေါများချင်ကြတယ်၊ ဒါတွေ ပေါများလာရင်
သာယာမှု တဏှာက ပါလာပြီ၊ တဏှာ ပါလာရင် "ငါမှငါ"ဆိုတဲ့ မာနက ပါလာပြီ၊ သံသရာကို ချဲ့ထွင်တတ်တဲ့ တရားတွေက နောက်က လိုက်လာပြီ၊
ဘုန်း နောက် လိုက်ရင် သွားရမယ့် နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်၊ နိဗ္ဗာန် သွားတဲ့ လမ်းအကျင့်နဲ့
ဂုဏ်လာဘ်ပေါများအောင် ကျင့်တဲ့ အကျင့်ဟာ တခြားစီပဲ၊ စာက ဘယ်လို ဆိုထားသလဲ၊ "အညာ
ဟိ လာဘူပနိသာ" ရွတ်ကြစမ်းပါ။
အညာ ဟိ လာဘူပနိသာ,
အညာ နိဗ္ဗာနဂါမိနိ၊
ဧဝမေတံ အဘိညာယ,
ဘိက္ခု ဗုဒ္ဓဿ သာဝကော၊
သက္ကာရံ နာဘိနန္ဒေယျ, ဝိဝေက.မနုဗြူဟယေ။
လာဘူပနိသာ-လာဘသက္ကာ, ရဖို့ရာဟု,
ဂုဏ်ပါမျှော်ချင့်, ပြုအပ်သောအကျင့်သည်၊ အညာ-နိဗ္ဗာန်ရောက်ကြောင်း, အကျင့်ကောင်းမှ,
ရွဲ့စောင်းသောအား, တစ်မျိုးတခြား သာတည်း၊ နိဗ္ဗာနဂါမိနီ-နိဗ္ဗာန်ရောက်ကြောင်း, ကောင်းသော
အကျင့်သည်၊ အညာ-ဂုဏ်လာဘ်မျှော်ကိုး, အကျင့်ဆိုးမှ, တစ်မျိုးတခြား, တစ်ပါးသာတည်း၊ ဧဝံ-ဤသို့သွားလမ်း
လာလမ်း, ခွဲခြမ်းသောအား, နှစ်မျိုးနှစ်စားအားဖြင့်၊ ဗုဒ္ဓဿ-သိရန်မှန်က, မကျန်ရအောင်,
လုံးဝသိမြင်, ဘုရားရှင်၏၊ သာဝကော-တရားဓမ္မ, ဩဝါဒကို, လုံးဝနာယူ, တပည့်ရင်း ဖြစ်တော်မူသော၊
ဘိက္ခု-သံသရာရေး, လာမည့်ဘေးကို, မျှော် တွေးရှုတောင်း, သူတော်ကောင်းသည်၊ ဧတံ-သံသရာ လည်
ရန်, အပါယ်စံနှင့်, နိဗ္ဗာန်မြန်းဖွယ်, လမ်းနှစ်သွယ်ကို၊ အဘိညာယ-သို့သောသို့လော, မတွေးတောဘဲ,
သဘောအရှိ, ဟုတ်တိုင်း သိ၍၊ သက္ကာရံ-ဒကာ ဒကာမ, သဒ္ဓါကြွ၍, ဒါနဟုခေါ်, ပူဇော် သက္ကာရကို၊
နာဘိနန္ဒေယျ-မရသော်တ, ရသော်ကြွ၍, အားရ ခင်မင်, လိုချင်တောင့်တ၍ မနေရာ၊ ဝိဝေကံ-အဖော်ကိုရှောင်း,
အပေါင်းကိုခွာ, ဆိတ်ငြိမ်ရာဝယ်, ဘာဝနာနှစ်ရပ်, သမာပတ်ကို၊ အနုဗြူဟယေ-တစ်ဆင့် တစ်ဆင့်,
ရင့်ထက်ရင့်အောင်, မလင့်ပုံသေ, တိုးပွားစေရာသတည်း။ (စုပေါင်း၍ ရွတ်ဆိုကြသည်။)
ဆောင့်ကြွားဆောင့်ကြွားး
မလုပ်ကြနှင့်
အေး...ဒါတွေကို ပါးစပ်က
ရွတ်နေရုံနဲ့ မပြီးဘူး၊ စိတ်ကပါ စဉ်းစားရတယ်၊ ဒါကြောင့် ကိုရင်တို့ ဘုန်းကြီးအောင် မလုပ်ကြနဲ့၊ စာမေးပွဲတွေအောင်ပြီး ဆောင့်ကြွား ဆောင့်ကြွား မလုပ်နဲ့၊
စာမေးပွဲတွေအောင်ပြီး သာသနာမှာ အလုပ် လုပ်နိုင်မှ ကောင်းတယ်၊ ရှူနာရှိုက်ကုန်း ဖြစ်နေရင်
တယ်မကောင်းဘူး၊
ဒီခန္ဓာဝန်ကြီး ရလာတဲ့အခိုက်
ဘာမဟုတ်တဲ့ စာမေးပွဲတွေနဲ့ လဲမစားကြနဲ့၊ တရားနဲ့ လဲစား တာက ကိုယ့်မှာ အမြတ် ကျန်သေးတယ်၊
စာမေးပွဲတွေ အောင်ပြီး ရောဂါရနေရင် မကောင်းဘူး၊ ရောဂါမရကြစေနဲ့၊ ကျန်းမာရေး ဂရုစိုက်ကြ။
ကိုယ့်အမေနို့ ကိုယ်ပြန်စို့ကြ
ခန္ဓာဝန်ဟာ သိပ်လေးတယ်၊
ဘုန်းကြီးလက်မှာ ယားနာလေးတွေ ပေါက်တယ်၊ မန်ကျည်းရည်နဲ့ ဆားနဲ့ ရောပြီး ပွတ် ရတယ်၊
ရောဂါကလဲ ခန္ဓာဝန်တစ်ခုပဲ၊ တောင်နားက ကိုရင် တစ်ပါးကလဲ ချောင်ခြောက်ကြီးဆိုးနေတယ်၊ ဆွမ်းစား
ကျောင်းကလဲ ဒီလိုပဲ၊ ဘုန်းကြီးမှာ ကိုယ့်ခန္ဓာဝန် ထမ်းရတာက နည်းနည်း, သူများခန္ဓာဝန်ကို
ထမ်းရတာက ပိုဆိုးတယ်၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ်မထမ်းနိုင်ရင် သီတင်းကျွတ်တဲ့အခါ အရပ်ပြန်ပြီး
ကိုယ့်အမေနို့ ကိုယ်ပြန်စို့ကြ၊ အမေ့အရိပ်က မအေးဘူးလားဟေ့၊ အေးတယ်။
ဘုန်းကြီးငယ်ငယ်တုန်းက
ချောင်းအကြီးအကျယ်ဆိုးတာ မှတ်မိသေးတယ်၊ အမေက ဝက်လက်သွားပြီး နာနတ်သီးနဲ့ ထန်းလျက်ဝယ်လာပြီး
ရောကျွေးတယ်၊ ဒါနဲ့ ပျောက်သွား တယ်၊ ခုလဲ ပျောက်မယ်ထင်ရင် ကျွေးကြပေါ့၊ စားလဲ စားကြ၊
ရောဂါလဲ မစွဲကြစေနဲ့၊ ရောဂါစွဲရင် မြန်မြန်ပျောက်အောင် ကုကြ။
သူတော်ကောင်းအတွက်
ဝန်မတက်
ဒါကြောင့် တစ်ယောက် ဆိုရင်တာဝန်က တစ်ယောက်အတွက်လေးတာပဲ၊ လေးတော့ ကြောင့်ကြ ဗျာပါဒတွေ
များရတယ်၊ စာချဘုန်းကြီးတို့, ဆွမ်းချက်တဲ့ ကိုရင်တို့ဆိုရင် ခန္ဓာဝန်တွေကို မျှထမ်းနေရတယ်၊
ကိုရင်တို့ စိတ်ထဲမှာ ဘယ်သူဟာဖြင့် မသူတော်ပဲလို့ ထင်ရင် စာချ ဘုန်းကြီးတွေကို လျှောက်ပါ၊
စာချဘုန်းကြီးတွေကလဲ မသင့် တော်ဘူး ထင်ရင် အရပ်ပြန်လွှတ်ပါ၊ သူတော်ကောင်းတွေ အတွက် ဝန်ထမ်းနေရတာက
ကောင်းတယ်၊ တာဝန်မကြီး ပါဘူး၊ ကုသိုလ်ရပါတယ်။
သူတော်ကောင်း နတ်ကောင်းစောင့်တယ်
ကိုရင်တို့ ဒီကျောင်းမှာ
ကောင်း ကောင်း နေနိုင်မှ နေကြ၊ ဘုန်းကြီးက
သူတော်ကောင်းနတ် တွေကို တိုင်တည်ထားတယ်၊ နတ်တွေကလဲ စောင့်ရှောက်နေ တာပဲ၊ ဒီကျောင်းတိုက်မှာ
မတော်မလျော်လုပ်တဲ့ ပုဂ္ဂိုလ်ဆိုရင် မတားကြပါနဲ့လို့ ပြောထားတယ်၊ အကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်
တွေအတွက် ဆိတ်ကွယ်ရာ အရပ်ဆိုတာ မရှိပါဘူး၊ လူက မသိပေမယ့် နတ်က သိတယ်၊
နတ်မသိပေမယ့် ကိုယ့်ကိုယ်
ကိုတော့ သိတယ်၊ သူတော်ကောင်း မလုပ်နိုင်ဘူးဆိုရင် ဒီ ကျောင်းတိုက်မှာ မနေကြနဲ့၊ စောစောစီးစီး
ထွက်သွားကြ၊ ဒီကျောင်းတိုက်မှာ တစ်ဦးတစ်ယောက်တည်း တာဝန်တွေကို ထမ်းဆောင်နေရတာ မဟုတ်ဘူး၊
အားလုံး မျှထမ်းနေကြရ တယ်၊ မိမိ တစ်ယောက်အတွက်နဲ့ အများမှာ တာဝန်တွေ မတက်ကြစေနဲ့။
ဘုရားအလောင်း နိဗ္ဗာန်ဝင်မယ်ဆိုရင်
ဘုရားအလောင်း နိဗ္ဗာန်ဝင်မယ်ဆိုရင်
ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်ကတည်းက ဝင်နိုင်တယ်၊ ဒါပေမယ့် သတ္တဝါတွေကို သနားတော့ ဘယ်လို
ကြုံးဝါးတော်မူသလဲ...
"ကိံ မေ
ဧကေန တိဏ္ဏေန, ပုရိသေန ထာမဒဿိနာ၊ သဗ္ဗညုတံ
ပါပုဏိတွာ, သန္တာရေဿံ သဒေဝကံ"လို့ ကြုံးဝါးတော်မူတယ်၊
"ငါတစ်ယောက်တည်းဖြင့်
သံသရာ ရေအလျဉ်ကို ကူးမြောက်လို့ ဘာအကျိုး ရှိမည်နည်း၊ ဒါလောက် အားအစွမ်းနဲ့ ပြည့်စုံနေတဲ့
ငါဟာ သဗ္ဗညုတဉာဏ်ကို ရပြီး ရောက်ပြီးမှ နတ်နှင့် တကွသော လူကို သံသရာ ရေအလျဉ်မှ ထုတ်ဆောင်
ကယ်တင်တော်မူမယ်" ဒါဟာ သတ္တဝါတွေကို သနားတော့ ခန္ဓာဝန်လေးမှန်း သိပေမယ့် ထမ်းခဲ့ရတယ်၊
သတ္တဝါအများကြီးရဲ့ခန္ဓာဝန်တွေကို ထမ်းထား ရတယ်၊ သက်သာတာမဟုတ်ဘူး၊ ပါရမီဖြည့်ကတည်းက
လောဘ ဒေါသ နည်းရတယ်။
ကောင်းသည်ထက် ကောင်းအောင်ပြင်
မကောင်းတာနဲ့ ကောင်းတာကို
လိုက်စစ်ကြည့်ရင် မကောင်းဘက်ကများနေကြတယ်၊ ကိုရင်တို့ ကိုယ့်ဘဝကို ကောင်းသည်ထက် ကောင်းအောင်
ကြိုးစားကြ၊ အဖိတ်နေ့ ဥပုသ်နေ့ဆိုရင် စကား ပြော ပြော နေကြတယ်၊ ဒါဟာ မကောင်းဘူး၊ အချိန်ယူပြီး
ဘုရားကို အာရုံပြုကြပါ၊ ကုသိုလ် ရတဲ့ အချိန်ကို ပိုပြီးတော့ ယူကြပါ၊
ဒီကနေ ဆင်းသွားရင် ဟိုကြည့်
ဒီကြည့် မကြည့်ပါနဲ့၊ စာချဘုန်းကြီးတွေက ကြပ် ပေးကြ၊ အမှတ်တမဲ့ မနေကြနဲ့၊ ပြီးတော့
သင်္ကန်းတန်းမှာ သင်္ကန်းတွေ ပစ်မထားကြစေနဲ့၊ ခြောက်ရင် ရုပ်ကြပစေ၊ သင်္ကန်းတွေ အကြာကြီး
လှန်းထားတော့ နေစားပြီး သင်္ကန်း မြန်မြန်ဆွေးတယ်၊ ရုပ်တဲ့အခါလဲ ဆွဲမချကြနဲ့၊ အသာ မ,ပြီး
ရုပ်ရတယ်၊ ကဲ ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၆)
(၁၉၇၉၊ ဩဂုတ်လ)
