ပါဠိလို ဘယကို မြန်မာလို "ဘေး"ဟု
အလွယ်မြန်မာပြန်ကြ၏၊ သဒ္ဒါနည်းအရ "ကြောက်လန့်ခြင်း,
ကြောက်လန့်တတ်သောစိတ်, ကြောက်လန့်ကြောင်းတရား, ကြောက်လန့်စရာအာရုံ"ဟု မြန်မာပြန်ရမည်၊
ဘေး သည် အမျိုးမျိုးအဖုံဖုံရှိသော်လည်း အဘိဓမ္မာအရကောက်နည်းဖြင့် သရုပ်ခွဲကြည့်လျှင်
(၁) စိတ္တုတြာသဘေး
(၂) အာရမ္မဏဘေး
(၃) ဉာဏဘေး
(၄) ဩတ္တပ္ပဘေးဟု ၄မျိုးသာ ရှိ၏။
ထိုတွင် ကြောက်စရာတစ်မျိုးမျိုးကို တွေး၍
ကြောက်ရွံ့ထိတ်လန့်သော အခြင်းအရာအားဖြင့်ဖြစ်သော ဒေါသပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပာဒ်ကို
"စိတ္တုတြာသဘေး"ဟု ခေါ်ရ၏၊ ကြောက်စရာအာရုံအမျိုးမျိုးကို "အာရမ္မဏဘေး"ဟု
ခေါ်၏၊ ခန္ဓာငါးပါးရုပ်နာမ်တရားကို ကြောက်စရာဟု သိမြင်ဆုံးဖြတ်တတ်သောာဉာဏ်ကို "ဉာဏဘေး"ဟု
ခေါ်၏၊ မကောင်းမှုဒုစရိုက်မှ ကြောက်လန့်မှု (ကြောက်လန့်ကြောင်း) ဩတ္တပ္ပစေတသိက်ကို "ဩတ္တပ္ပဘေး"ဟု
ခေါ်၏၊ ရှေ့ဘေး၂မျိုးသည် ပစ္စုပ္ပန်တမလွန်၌ ဆိုးကျိုးဒုက္ခကို ဖြစ်ပွားစေ၍ နောက်ဘေး ၂မျိုးကား
ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေတတ်၏။
(၁) အသက်မွေးမှုဘေး
(၂) အကျော်စောမဲ့ ကဲ့ရဲ့ခံရခြင်းဘေး
(၃) ပရိသတ်ကြောက်ခြင်းဘေး
(၄) သေခြင်းဘေး
(၅) မကောင်းသောဘဝသို့ ရောက်ခြင်းဘေးတို့
ဖြစ်သည်။
ထိုတွင် အသက်မွေးမှုဘေးဟူသည် အသက်မွေးမှုကို
စွဲ၍ ဖြစ်ပေါ်လာသော အကြွေးတင်ခြင်း, အရောင်း အဝယ်အဆင်မပြေခြင်း, အလုအယက်အတိုက်အခိုက်ခံရခြင်း,
မီးလောင်ရေမျောခံရခြင်း စသည်များတည်း၊ အသက်မွေးမှုဘေး, အကဲ့ရဲ့ခံခြင်းဘေး, ပရိသတ်ကြောက်ခြင်းဘေး,
မကောင်းသောဘဝသို့ ရောက်ရခြင်းဘေး များကြောင့် ဝမ်းနည်းပူဆွေးမှုသောက ဖြစ်ရ၏၊ ထိုကြောင့်
ဘေး၅မျိုးကိုချုပ်လျှင် သောကဘေးနှင့် မရဏဘေး ဖြစ်၏၊ သက်ရှိသတ္တဝါတိုင်း ဤဘေးများကို
မတွေ့လိုသော်လည်း တွေ့ကြရ၏၊ ထိုဘေးများကို လွန်မြောက်ဖို့ စွမ်းရည်၎မျိုးနှင့် ပြည့်စုံရ၏၊
ထိုစွမ်းရည်၎မျိုးမှာ-
(၁) အသိဉာဏ်စွမ်းရည်
(၂) ကြိုးစားမှုစွမ်းရည်
(၃) အပြစ်ကင်းစင်မှုစွမ်းရည်
(၄) စည်းရုံးမှုစွမ်းတို့ ဖြစ်သည်။
ထိုတွင် ကုသိုလ် အကုသိုလ်ç အပြစ်ကင်း မကင်း,ဖြူစင်
မဖြူစင်, မှီဝဲသင့်, မမှီဝဲသင့်, သူတော်ကောင်းဖြစ်
စေနိုင် မဖြစ်စေနိုင်အားဖြင့် အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သည့် စွမ်းရည်ကို
" အသိဉာဏ်စွမ်းရည်"ဟု ခေါ်၏၊
အကုသိုလ်စသော အဆိုးတရားများကို ပယ်နိုင်အောင်
ကြိုးအားထုတ်ခြင်း, ကုသိုလ်စသော အကောင်း တရားများကို ရရှိပိုင်ဆိုင်အောင် ကြိုးစားအားထုတ်ခြင်းကို
"ကြိုးစားမှုစွမ်းရည်"ဟု ခေါ်၏။
သုစရိုက် ကာယကံ ဝစီကံ မနောကံကို "အပြစ်ကင်းစင်မှုစွမ်းရည်"ဟု
ခေါ်၏၊
ပေးကမ်းထောက်ပံ့ခြင်း, ချိုသာပြေပြစ်ချစ်ဖွယ်သော
စကားကိုဆိုခြင်း, သူ့အကျိုးကို ကူညီဆောင်ရွက်ပေးခြင်း, တန်းတူရည်တူ ဆက်ဆံခြင်းကို
"စည်းရုံးမှုစွမ်းရည်"ဟု ခေါ်၏။
ဤစွမ်းရည်၎မျိုးနှင့် ပြည့်စုံသူသည် မှန်ကန်တိုးတက်သော
အသက်မွေးရှင်သန်မှုလည်း ဖြစ်လာမည်၊ ကဲ့ရဲ့မှုမှလည်း လွတ်ကင်းမည်၊ ပရိသတ်ကိုလည်း မကြောက်၊
သေရမည်ကိုလည်း ကြောက်တော့မည်မဟုတ်၊ မကောင်းသည့်ဘဝသို့လည်း ရောက်မည်မဟုတ်၊ ထိုကြောင့်
ဤစွမ်းရည်၎မျိုးနှင့် ပြည့်စုံသူကို "ဘေးမဲ့ပုဂ္ဂိုလ"ဟု ဆိုထိုက်၏။
ဒုတိယမဟာနာယကချုပ်ဆရာတော်သည် သက်တော်ရှစ်ဆယ်ပြည့်အထိမ်းအမှတ် လုပ်ရသည့်တိုင်
အောင် စွမ်းရည်၎-မျိုးကို စွမ်းနိုင်သမျှ ရယူပိုင်ဆိုင်ခဲ့သော ဆရာတော်ဖြစ်သည်၊ ရှစ်ဆယ်ပြည့်အထိမ်းအမှတ်သာ
မက ရာပြည့်အထိမ်းအမှတ်လုပ်နိုင်သည်အထိ စွမ်းရည်၎မျိုးနှင့် ပြည့်စုံလျက် လောကကောင်းကျိုး
သာသနာတော်ကောင်းကျိုးကို သယ်ပိုးရွက်ဆောင်တော်မူနိုင်ပါစေ သတည်း။
မဟာဂန္ဓာရုံ
ဒုတိယမဟာနာယကချုပ်ဆရာတော်၏ သက်တော်(၈၀)ပြည့်
မွေးနေ့အထိမ်းအမှတ်စာစောင်မှ
အရှင်သုဇနာဘိဝံသ၏ ဆောင်းပါးကို ပူဇော်တင်ပြပါသည်။