Thursday, December 6, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၅} (ထူးထွေဆန်းပြားကံတရား)



ထူးထွေဆန်းပြား ကံတရား

          သူသူငါငါ ဤခန္ဓာ

          သူ ငါဆိုတာ  ပျောက်သွားသလား၊ ကဲဆို-"ပဉ္စက္ခန္ဓာ-ငါဟုခေါ်တွင်, ငါ့ ကိုယ်ပင်ဟု, ထင်မြင်ရငြား, ခန္ဓာငါးပါးတို့သည်" အေး-ကိုယ့်ကိုယ်ကို လက်ညှိုးနဲ့ ထိုးကြည့်တော့လဲ ခန္ဓာငါးပါးပါပဲ၊ ခန္ဓာငါးပါးက လွဲလို့ ရှိရဲ့လား၊ မရှိဘူး၊ သူများ လက်ညှိုးနဲ့ ထိုးကြည့်တော့လဲ ဒီခန္ဓာငါးပါးကလွဲလို့ ရှိရဲ့လား၊ မရှိပါဘူး၊ ယောကျာ်း မိန်းမဆိုတာ ပရမတ္ထနဲ့ကြည့်တော့ ဘာဝရုပ်သာ ကွဲတယ်၊ ဘာဝရုပ်ကလဲ ခြေဆုံး ခေါင်းဆုံး ရှိတယ်၊ ဇီဝိတက တစ်ကိုယ်လုံး ရှိတယ်၊ ကဲ လက်မှာကော ဘာဝရုပ် မရှိ ဘူးလား၊ ရှိတယ်။

          သစ်ပင်နဲ့ ဘာဝရုပ်              

          ဘာဝရုပ်ကြီးက   သစ်ပင်ကြီးလိုပဲ၊ သစ်ပင်ကြီးဟာ  မျိုးစေ့ကြောင့် အကိုင်း, အခက်, အလက်ကလေးတွေ ဖြစ်လာတယ်၊ မိန်းမ သဏ္ဌာန်ဟာ ဘယ်သူ့ကြောင့် ဖြစ်လာရသလဲဆိုရင် ဘာဝ ရုပ်ကြောင့်  ဖြစ်ရတယ်၊  ဘာဝရုပ်က  ဘယ်သူ့ကြောင့် ဖြစ်သလဲဆိုရင် ကံကြောင့် ဖြစ်ရတယ်။

         
ကံက ဘယ်သူ့ကြောင့် ဖြစ်ရသလဲဆိုရင် တဏှာကြောင့် ဖြစ်ရတယ်၊ ယသော်ဓရာမိဖုရားဟာ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလပတ်လုံး မိန်းမဘဝကို တောင့်တတဲ့ တဏှာ ကြောင့် မိန်းမချည်း ဖြစ်လာရတယ်၊ ဘုရားအလောင်းဟာလဲ ယောကျာ်းဘဝကို တောင့်တတဲ့ တဏှာကြောင့် ယောကျာ်း ချည်း ဖြစ်လာတယ်၊ တရားတော်တွေဟာ သိပ်ကောင်းတယ်။

          ဘုရားမပွင့်ရင် မသိနိုင်         

          ယောကျာ်းရယ်ç မိန်းမရယ်ဆိုတာ တွေဟာ ပညတ်တွေပဲ၊ အများ အပြောတော့ မှန်ပါတယ်၊ ဒါတွေဟာ သိပ်ကောင်းတာပဲ၊ တို့ ဘုန်းကြီးက ဒါတွေကို သိပ်သဘောကျတာပဲ၊ ယောကျာ်းရယ်, မိန်းမရယ်လို့ တကယ်တော့ မရှိပါဘူး၊ ပုံသဏ္ဌာန် ခေါ်ဝေါ် ပညတ်ထားတာပါ၊  ဘာဝရဲ့ အကြောင်းက ကံ၊  ကံရဲ့ အကြောင်းက တဏှာ။

          "ကဲ-ဥုးအဂ္ဂ ... သဏ္ဌာန်ဟာ ဘာအကြောင်းလဲ?"
          "အဝိဇ္ဇာ တဏှာပါဘုရား"
          "လွဲလိုက်လေ ဥုးအဂ္ဂရယ်၊ အဝိဇ္ဇာ တဏှာသာဆိုရင် အကုန်လုံး လူတွေဟာ ဥုးအဂ္ဂ တစ်ပုံစံတည်းချည်း ဖြစ်နေ မှာပေါ့"
          "ဥုးကလျာဏ ... ပုရိသဟူသော ယောကျာ်းပုံသဏ္ဌာန်က ဘာကြောင့် ဖြစ်ရတာလဲ?"
          "ဘာဝရုပ်ကြောင့်ပါ အရှင်ဘုရား"
          "ဟုတ်လိုက်လေ၊ ဘာဝရုပ်ကကော ဘာကြောင့် ဖြစ်ရ တာလဲ?"
          "ကံကြောင့်ပါ အရှင်ဘုရား"
          "ဟုတ်လိုက်လေ၊ ကံဟာ ဘာကြောင့် ဖြစ်ရတာလဲ?"
          "အဝိဇ္ဇာ တဏှာကြောင့်ပါ အရှင်ဘုရား"
          "ဟုတ်တယ်, ဟုတ်တယ်၊ ယောကျာ်းဘဝကို လိုချင်သော တဏှာကြောင့် ယောကျာ်းသဏ္ဌာန် ပေါ်လာရတယ်၊ မိန်းမ ဘဝကို လိုချင်သော တဏှာကြောင့် မိန်းမသဏ္ဌာန် ပေါ်လာ ရတယ်၊  ယောကျာ်း  မိန်းမပုံသဏ္ဌာန်ကို  ဘာဝရုပ်က တစ်ကိုယ်လုံး ပြုပြင်ပေးတယ်"
          "ပုရိသဘာဝရုပ်ဟာ ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ တွေထဲမှာ ဘာရုပ်ကြောင့် ဖြစ်တာလဲ?"
          "ကမ္မဇရုပ်ကြောင့်ပါ အရှင်ဘုရား"

          လောကဓာတ်ဆရာတွေက ယောကျာ်းကို မိန်းမဖြစ်အောင် လုပ်နိုင်တယ်လို့ ဆိုကြတယ်၊ တစ်ရာမှာ တစ်ယောက် မိန်းမ ဖြစ်နိုင်တယ်၊ မိန်းမဖြစ်တာကလဲ ကာမေသု မိစ္ဆာစာရ ကံကြောင့် ဖြစ်ရတာ၊ တဏှာအကြောင်းခံပြီး ယောကျာ်း မိန်းမ ဖြစ်ရတယ်။

          မိစ္ဆာစာရနှင့် အရှင်အာနန္ဒာ အလောင်း

          တို့မြတ်စွာဘုရားရဲ့ ဖွားဖက်တော်  ညီတော်အာနန္ဒာဟာ တရားဘဏ္ဍာစိုးကြီး ဖြစ်မယ်ဆိုတဲ့  ဗျာဒိတ်ရ ပုဂ္ဂိုလ်ကြီးပဲ၊  ဒါပေမယ့် လမ်းခရီးအကြားမှာ ခြေချော် လက်ချော်တော့ ဖြစ်သေးတာပဲ၊ သူဟာ တစ်ခုသော ဘဝမှာ ပန်းထိမ်သည် သွားဖြစ်တယ်။

          ရုပ်ကလဲ ချောတယ်၊ ရုပ်ချောတော့ ခင်မင်တဲ့ ကာလသား တွေကမြှောက်ပင့်ပေး ကြတာပေါ့၊ ရုပ်ရည်လှပတဲ့ မိန်းမ ငယ်တွေ, မသွားလာအပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပေါင်း သင်းပြီး မိစ္ဆာစာရကံတွေ ကျူးလွန်တာပေါ့၊ အဲဒီလို ကျူးလွန် တဲ့ အကုသိုလ်ပြစ်ဟာ သေသည်၏ အခြားမဲ့မှာ အပါယ် ပဋိသန္ဓေကျိုး ပေးသလားဆိုတော့ မပေးသေးဘူး။
          ကံတရားတို့၏ မျက်လှည့်ပြပုံ                               

          ကံတွေဟာ  "ဇနကကံ,  ဥပထမ္ဘကကံ, ဥပပီဠကကံç ဥပဃာတကကံ"လို့ ရှိသေး တယ်၊ ဇနကကံက ဝိပါက်ကဋတ္တာရုပ်ကို ဖြစ်စေတတ်တဲ့ ကံပဲ၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးစေ နိုင်တယ်၊ ဥပထမ္ဘကကံကတော့ ပဋိသန္ဓေကျိုးကို မပေးဘူး၊ ထောက်ပံ့ရုံမျှသာ ထောက်ပံ့နိုင်တယ်၊ ဥပပီဠကကံလဲပဲ ပဋိသန္ဓေကျိုးကို မပေးဘူး၊ ကပ်၍ နှိပ်စက်ရုံပဲ နှိပ်စက်နိုင် တယ်၊ ဥပဃာတကကံက ကပ်ပြီး သတ်ဖြတ်တတ်တဲ့ကံ၊

          ဒီတော့ ညီတော် အာနန္ဒာအလောင်းဖြစ်တဲ့ ပန်းထိမ်သည်ဟာ အပါယ်ကျမယ်ဆိုရင် ကျမယ်ပေါ့၊ ဘာပြုလို့ အပါယ်မကျ သလဲ၊ သူနောက်နောင်က ပြုခဲ့တဲ့ ကုသိုလ်တွေက တော်တော် များတယ်၊ ဒီကုသိုလ်ကံတွေ  အကျိုးပေးခွင့်ရအောင် ဥပဃာ တကကံက "ဟေ့.... မင်းအပါယ်မပေးနဲ့ဦး၊ ဒီပုဂ္ဂိုလ်ကို ငါ ကောင်းရာသုဂတိ ပေးလိုက်ဦးမယ်"ဆိုပြီး သူဌေးသားဘဝ ပေးလိုက်တယ်၊ သူဌေးသားဖြစ်တော့ ခုနက အကုသိုလ် ကံတွေ မြုပ်သွားသလားဆိုတော့ မြုပ်မသွားဘူး။

          သူဌေးသားဘဝ ပြုသမျှကုသိုလ်        

           ပဋိသန္ဓေ  အကျိုးပေးဖို့က    အလယ်ဇော     ငါးချက်စေတနာနဲ့ သတ္တမဇော စေတနာလို့ ခြောက်ပါး ရှိတယ်၊ ဒုတိယဘဝ အကျိုး ပေးမယ့် သတ္တမဇောစေတနာက ဒုတိယဘဝ သူပေးရမယ်၊ ဒါပေမယ့် သူက မပေးဘူး၊ တတိယဘဝမှ စပြီး နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးခွင့်ရှိတဲ့ အလယ်ဇော ငါးချက် စေတနာ အပရာပရိယကံဆိုတာ ရှိသေးတယ်၊ ဒါတွေြွကင်း ကျန်နေသေးတယ်။

          ဒီတော့ သူ သူဌေးသားဖြစ်တဲ့ ဘဝမှာ ကုသိုလ်ကောင်းမှု တွေပြုç သီလတွေ ဆောက်တည်နေတာ ဒီအရာတွေက ဇနက သတ္တိနဲ့ ကောင်းရာသုဂတိကို ပေးရမှာ အမှန်ပဲ၊ ဒါပေမယ့် ဥပဃာတကကံက "မင်းအလှည့်ချည်း ဘယ်ရမလဲ၊ ဒီကောင် ပန်းထိမ်သည် ဘဝတုန်းက မိစ္ဆာစာရကံတွေ ကျူးလွန်လာ ခဲ့တာ ငါ့အလှည့်ရောက်ပြီ"လို့ ဆိုပြီး တစ်ခါတည်း ငရဲပို့ လိုက်ပြန်တာပဲ။
          (ဤကံများ၏ အဓိပ္ပာယ်ကို အကျယ်တဝင့် သိလိုပါက သင်္ဂြိုဟ် ဘာသာဋီကာ ဝီထိမုတ်ပိုင်း ကမ္မစတုက္က၌ ရှုပါ။)

          ဘဝများစွာ ကျင်လည်ရှာ                          

          ငရဲက လွတ်လာတော့ နွားဘဝ ဆိတ်ဘဝ မျောက်ဘဝ နပုံးပဏ္ဍုက် သိကြားမင်း မိဖုရားဖြစ်ရ၊ အဲဒီကနေပြီး နတ်သမီးဘဝနဲ့ချည်း ခြောက်ဘဝ၊ နောက်တော့မှ အင်္ကတိမင်း ကြီးရဲ့ သမီးတော် ရုစာမင်းသမီး လာဖြစ်ရတယ်၊ ဒါကြောင့် ကံတရားတွေဟာ အလွန် ဆန်းကြယ်တယ်၊ ကိုရင်တို့ ကောင်းကောင်း နေကြ၊ ကိုယ့်ဘဝကို မျိုးပြုတ်မစားကြနဲ့၊ ကဲ ... တော်ပြီ။

         ဓမ္မဗျူဟာ
          အတွဲ(၁၈)၊ အမှတ်(၄)
          (၁၉၇၉၊ ဇွန်လ)
 
မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ စာအုပ်မှ ပူဇော်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ