Monday, June 19, 2017

"မဟာလှေကား အရှုပ်တော်နှင့် ကဏိကာရ ရှာပုံတော်"


"မဟာလှေကားပန်း"ဆိုတဲ့ အမည်ကို
ပျို့တွေ ရတုတွေ ကြိုးသီချင်းတွေမှာ ထည့်သွင်းစပ်ဆိုကြခဲ့ကြပါတယ်။
ကျွန်တော်လက်လှမ်းမီသမျှ "မဟာလှေကားပန်း" ပါဝင်တဲ့ ပျို့၊ ရတု၊ ကြိုးသီချင်း၊ ကဗျာတွေကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

ဆိုင်းရရိုင်းသား၊ ပန်းတိုင်းခတ္တာ၊ ရွှေရင်းမာနှင့်၊ မဟာလှေခါး၊ မုရားရွက်သွန်း၊ မျက်နှာပန်းလည်း၊ ပွင့်ဆန်းမပွင့်၊ ရိုးတန်မြင့်လျက်၊ ချသင့်ဆုံးဖြတ်၊ ကြိုင်မွှေးလွတ်၏။ (ရှင်အဂ္ဂသမာဓိ)

"တစဉ်တစဉ်၊ ပင်ခြင်းယှဉ်၍၊ ကူးလျဉ်က်စိပ်၊
မွမ်းမွမ်းသိပ်သား၊ မြိုင်ရိပ်ရွက်ကြား၊ ထွားရယားလျင်၊
ချယားမုလေး၊ ကြိုင်ဧပုန်းညက်၊ ကြက်တက် ပန်းသုန်း၊
ဂမုန်းကြံစာ၊ မဟာလှေကား၊ ဆပ်သွားအင်ကြင်း၊ လေးညင်းစပယ်၊" (ရှင်အုန်းညို)

မဟာလှေကား၊ ဆတ်သွားရင်ခတ်၊ ခိုင်ညွှတ်ကံ့ကော်၊ ထိုထိုသော်လည်း၊ တော်သင်င်္ကြန်ဝင်၊ သည်သဘင်၌၊ ညွန့်ရှင်လုလု၊ ဂုဏ်တင်းပြုလျက်၊ မာန်ပုံဖက်၍၊ မင်းထက်မင်းဖျား၊ တို့ဘုရားကို၊ ညွတ်တွားသဒ္ဓါ၊ ဖူးပွင့်လာ၏၊ (ရှင်ဥတ္တမကျော်)

"လေ့လာမိတဲ့ ခီရကာကောလီ"

 ပါဠိစာပေထဲက "ခီရကောကာကောလီ" ဆိုတဲ့ပုဒ်ကို
"မျောက်ငိုပင်" လို့ မြန်မာမှုပြုကြတာတွေ့ရပါတယ်။
မျောက်ငိုပင်လို့ ဆိုလိုက်တော့
မြန်မာနှင့်ဣန္ဒိယနယ်စပ်မှာ ဈေးကွက်ကောင်းနေတဲ့
မျောက်ငိုသီးကို သွားပြီးသတိရမိကြမယ်ထင်ပါတယ်။

"မျောက်ငိုပင်လို့ ဘာသာပြန်ကြပုံ"

ရွှေဥမင်ဆရာတော်၊ ဆင်တဲဆရာတော်၊ ဘာသာဋီကာဆရာတော်နှင့်
ဇေတဝန်ဆရာတော်တို့ဟာ "ခီရကာကောလီ"ပုဒ်ကို
မျောက်ငိုပင် လို့ချည်း ဘာသာပြန်တော်မူခဲ့ကြပါတယ်။
ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန် ကလည်း ထိုနည်းလည်းကောင်းပဲ။
ဦးသာမြတ်ရေးတဲ့ မြန်မာ့ဆေးဝါးပင်များ စာအုပ်မှာလည်း မျောက်ငိုပင်ကို ပါဠိလို ခီရကာကောလီ လို့ခေါ်ကြောင်းရေးထားတာ တွေ့ရပါတယ်။

Sunday, June 18, 2017

"ကျွန်တော် ရှာဖွေမိတဲ့ ကရဝိက် အပိုင်း၂"




ဆရာကြီး မွန်ဗိုကေ တင်ပြခဲ့တာကို ကျွန်တော်လိုရင်းလောက် တင်ပြပါ့မယ်။

ပုဂံမြင်းကပါ ဂူပြောက်ကြီးအတွင်းရှိ
နံရံပန်းချီတွေထဲက ၅၇၄ ဇာတ်မြောက်ဖြစ်တဲ့ စက္ကဝါကဇာတ် အကွက်အမှတ် (၄၅၁)မှာ "ဗောဓိသတ်ဒသ် ကိဉ္စေမ် စာကရ်ဝါက်" လို့ ရေးထိုးထားပါသတဲ့။

စာကရ်ဝါက်=စာကရဝါက်၊ "စာ" ကို ဖယ်လိုက်တဲ့အခါ "ကရဝါက်" သာကျန်ပါတော့တယ်။ အဲဒီ "ကရဝါက်"ကနေ စကားရွေ့လျောပြီး "ကရဝိက်"လို့ ဖြစ်သွားတယ်လို့ ဆရာကြီးက သူ့အမြင်ကို တင်ပြခဲ့ပါတယ်။

စက္ကဝါက်ဖော်တော်၊ ကရဝိက်ဖောင်တော်ဆိုပြီး အမည်နှစ်မျိုးရှိပေမယ့် ဝေါဟာရရောထွေးလို့သာ အမည်သီးခြားဖြစ်နေတာ။ တကယ်တော့ အတူတူသာဖြစ်တယ်လို့ မွန်ဗိုကေ-က ရှာဖွေတင်ပြခဲ့ပါတယ်။

"ကျွန်တော် ရှာဖွေမိတဲ့ ကရဝိက် (အပိုင်း ၁)"



"ကရဝီက"ဆိုတဲ့ ပါဠိကို မြန်မာတို့က ကရဝိက်ငှက် လို့ မြန်မာမှုပြုကြပါတယ်။
PTS အဘိဓာန် karavī ကရဝီပုဒ်မှာ
the Indian cuckoo
အိန္ဒိယဥဩလို့ ဖွင့်ပြပြီး
ကရဝီကပုဒ်မှာ speaking like the cuckoo
ဥဩငှက်လို သန့်ရှင်းသာယာတဲ့ အသံရှိတဲ့ငှက်တမျိုးလို့ ဖွင့်ဆိုထားတယ်။
အရှင်ဗုဒတ္တရဲ့ အဘိဓာန်မှာလည်း
အိန္ဒိယဥဩငှက်လို့ပဲ ဖွင့်ပြထားတာပါ။

"ကရဝိကသကုဏာတိ ဧဝံနာမိကာ ကောကိလာ" လို့ ဥဩငှက်မျိုး ဖြစ်ကြောင်း မဟာဝင်ဋီကာမှာ ဖွင့်ဆိုထားတယ်လို့ ဝေါဟာရလီနတ္ထဒီပနီမှာ ဖော်ပြထားတယ်။

Saturday, June 17, 2017

"ပျောက်ကွယ်သွားတဲ့ 'ပယ်' ဝေါဟာရ ၂"

ပကတိပယ်တွက်ပုံနှင့် မင်းပယ်တွက်ပုံ နှစ်နည်းကို ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဆက်စပ်မိအောင် ပြန်တင်ပြပါဦးမယ်။

ပကတိပယ်တွက်ပုံက "တဘက်ကို ၂၅-တာ၊ စတုရန်းသတ် တာ ၁၀၀ ရှိတယ်။ အယူအဆကွဲပါးမှုမရှိပါ။
မင်းပယ်တွက်ပုံက နှစ်နည်းရှိပါတယ်။

၁။ "တစ်ဘက်ကို တာ ၅၀ နဲ့ သတ်မှတ်ပြီး စတုရန်းသတ် တာ ၂၀၀ "ရှိတယ်လို့ ယူဆတဲ့ပထမနည်း။
ဒီနည်းက ပကတိပယ် (ဆင်းရဲသားပယ်)ထက် နှစ်ဆတက်ပြီး တိုင်းတာတဲ့နည်းပါ။ ပါဠိစာပေနဲ့ ကိုက်ညီတဲ့ တိုင်းတာနည်းဖြစ်ပါတယ်။
အဋ္ဌကထာမှာ ပကတိပယ် (၁၆)ပယ်ဟာ မင်းပယ် အားဖြင့် (၈) ပယ်ရှိတယ်လို့ ၂-ဆကွာခြားပြီး ဖော်ပြပါတယ်။

" ပကတိမာနေန သောဠသကရီသေ ရာဇမာနေန အဋ္ဌကရီသေ (ဒီ၊ ဋ္ဌ၊ ၂၊ ၁၆)" တဲ့။
၂။ "တဘက်ကို ၃၅-တာ, ၂-တောင်, ၁-မိုက်, ၄-သစ် ရှိပြီး စတုရန်သတ် တာ ၁၄၁-တာနဲ့ ၃- တောင်ရှိတယ်လို့ယူဆတဲ့ဒုတိယနည်း။

ဒီနည်းကတော့ "ဗဒုံမင်းရဲ့ပယ် ပုံတော်ကျောက်စာ" မူအရလို့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ် (နှာ-၈၄) မှာ ဖော်ပြထားတဲ့နည်းပါ။
ဒါပေမယ့် ဒေါက်တိုးလှဖော်ပြထားတဲ့ ဗဒုံမင်းကျောက်စာရှိရာဌာနအနီမှား ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က "အမရပူရခေတ် ပယ်ပုံတော်" ခေါင်းစဉ်ခေါင်းစဉ်အောက်မှာ
"မင်းပယ်က ပကတိပယ်ထက် နှစ်ဆကျယ်ဝန်းကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
နောက်ပြီး မျက်မှောက်ခေတ်သုံး "ဧက Acre "နဲ့ ပကတိပယ်(ဆင်းရဲသားပယ်)ကို တွက်ရင် ၁.၇၈ ဧကနှင့် ညီမျှပြီး မင်းပယ်တစ်ပယ်ဟာ ၃.၅၅ ဧကနှင့် ညီမျှတယ်လို့ ဒေါက်တာတိုးလှက ဖော်ပြထားပါတယ်။

ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ရေးသားထားတဲ့ "အမရပူရခေတ် ပယ်ပုံတော်" ခေါင်းစဉ်ခေါင်းစဉ်အောက်မှာတော့
"မင်းပယ်သည် (၃.၆)ဧက ရှိပြီး၊ ပကတိပယ်သည် (၁.၈)ဧက ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒေါက်တာတိုးလှရဲ့ ဖော်ပြချက်ရယ် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က ဖော်ပြချက်ရယ် မတူညီတာလည်း တွေ့ရပြန်တယ်။
တိုင်းတာပုံ စနစ်ကွာလို့ ခုလို ဖော်ပြချက် ကွာခြားမှုရှိနေတာလားဆိုတာကို
ပညာရှင်များဝေဖန်ဆန်းစစ်သင့်တယ်လို့ မြင်ပါတယ်။
တကယ်တော့
"ပယ်"ဝေါဟာရဟာ နာမည်နဲ့လိုက်ဖက်အောင်ကို ပယ်ရှားခံခဲ့ရပြီး မကြာခင်မှာပဲ စာပေထဲတွေ့ရင်တောင် အနက်မထင်နိုင်တော့ဘူး။ ဆိုလိုဟန်တူတယ်လို့သာ မှန်းဆယူရတဲ့ အခြေအနေရောက်သွားရသည်အထိပါပဲ။

"ပယ်သည်အနက်မထင်ရှား၊ တစ်ခါတစ်ရံ အနည်းအများသတ်မှတ်အပ်သော ဧရိယာဖြစ်သည့် မြေဧကမူကို ဆိုလိုဟန်တူ၏၊" စသဖြင့် ဇမ္ဗူ့ဒီပဦးဆောင်ကျမ်း နိဒါန်း (ဂါ) မှာ
ဂျေ-အက်စ်-ဖာနီဗဲလ် နှင့် ဆရာကြီးဦးဖေမောင်တင်တို့ ရေးသားခဲ့တာကို ထောက်ရင် ပယ်စနစ်ဟာ လူမသိ သူမသိ ဘဝအဖြစ်ကွယ်ပျောက်သွားပြီလို့ ပြောရမယ့်အခြေအနေပါ။
ဗဒုံမင်းတရားက "ပယ်စနစ်"ကို ပုံစံနှင့်တကွ ကျောက်စာရေးထိုး ပြဌာန်းထားပေမယ့် လက်တွေ့ဘဝမှာ လယ်တွင်းရေ၊ လယ်တစ်ကွက်၊ တစ်ခင်း၊ စသဖြင့်သာ သုံးနှုန်းကြတာများတာရယ်, ပျိုးဝင်ဆန့်မှု၊ အထွက်နှုန်း၊ လုပ်အားစသဖြင့် လယ်ယာအကျယ်အဝန်းကို တိုင်းတာမှုများပြီး "ပယ်"ဝေါဟာရ နည်းပါးတဲ့အတွက် "ပယ်စနစ်"ကွယ်ပြီး သိပ်မကြာခင် လူမသိသိဝေါဟာရအဖြစ်ရောက်သွားတယ်လို့ ထင်ပါတယ်။

ပယ်ဝေါဟာနဲ့ ပတ်သက်လို့ ကျွန်တော်ထင်မြင်တာလေး ပြောပါရစေ..။
ပါဠိစာပေမှာဖော်ပြတဲ့ "ရာဇမာန"ကို "မင်းပယ်" လို့ ဘာသာပြန်ပြီး "ပကတိမာန" ကို "ပကတိပယ်"လို့ ဘာသာပြန်ကြတာကို ထောက်ဆကြည့်ရင် "ပယ်"ဆိုတာ "မာန-အတိုင်းအတာ"ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းတာမှုမှန်သမျှကို "ပယ်"ဆိုတဲ့ ဝေါဟာရနဲ့ အသုံးမပြုပါဘူး။ မြေတိုင်းစနစ်မှာသာ သီးခြားအသုံးပြုတဲ့ ဝေါဟာရလို့ ဆိုရမယ်ထင်ပါတယ်။
"ပယ်"ဆိုတဲ့ ဝေါဟာရကို ပယ်ရှားခံလိုက်ရပေမယ့်
၁၉၉၂ ခုနှစ်လောက်က မန္တလေးမြောက်ဘက် တောင်ပြုံးကျေးရွာမှာ ဦးအောင်လှ ဆိုသူ လယ်သမားအဘိုးကြီးတစ်ဦးက သူ့မှာလယ် (၂) ပယ် ရှိတယ်လို့ ပြောဆိုတဲ့အကြောင်း သုတေသီဆရာတစ်ယောက်က သူ့အတွေ့အကြုံကို ရေးသားတင်ပြခဲ့ဖူးပါသေးတယ်။ ရှားရှားပါးပါး "ပယ်"စနစ်ဝေါဟရ သုံးစွဲသူတစ်ဦးပေါ့ဗျာ။

တကယ်တော့ ပယ်စနစ် ဖယ်ရှားခံလိုက်ရတာနဲ့အတူ မြန်မာ့အတိုင်းအတာအချို့လည်း ဖယ်ရှားခံခဲ့ရပါသေးတယ်။
"ပယ်" စနစ်အရ မြန်မာ့ အတောင် "တစ်တောင်"ဟာ အင်္ဂလိပ်အတိုင်းအတာနဲ့ (၁၉.၀၅) လက်မရှိပေမယ့် မြန်မာ့လွတ်လပ်ရေး ဆုံးရှုးရခြင်းနှင့်အတူ ပယ်စနစ်ကွယ်ခဲ့ရတဲ့အတွက် တစ်တောင် ကို (၁၈)လက်မဆိုတဲ့ ဖလှယ်နှုန်းနဲ့သာ သုံးစွဲခဲ့ကြရတော့တယ်လို့
ဒေါက်တာတိုးလှက "စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာ ဖော်ပြခဲ့လို့ သိရပါတယ်။
ဒီတွက်ချက်ပုံစနစ်မှားကို ယနေ့အထိ လက်ခံကျင့်သုံးနေရတယ်လို့လည်း ဆရာက ဝေဖန်ထားပါသေးတယ်။

ပယ်စနစ်ကွယ်ပျောက်သွားပေမယ့်
ပါဠိစာပေလာ "ကရီသ" ဆိုတဲ့ပုဒ်ကို "ပယ်"လို့ ဘာသာပြန်နေကြတုန်းပါပဲ။
စာပေယဉ်ကျေးမှုမှာ "ပယ်"ဝေါဟာရက ရှင်သန်နေတုန်းလို့ ဆိုရမှာပေါ့။
"ရှစ်မင်းပယ်စာ၊ နှစ်ပြန်တာကို၊ ဖြာဖြာနှင်းသောက်၊ နွယ်သတိုးကြောင့်၊ ဆယ့်ကိုးခါ ရောက်ခဲ့ပေါ့ ---
(တောင်တွင်းကြီး ဦးကြော့၏ စုံနံ့သာမြိုင်ရှာပုံတော်ကြီး မှ) စသည်ဖြင့်
မြန်မာ့စာပေမှာ "ပယ်"ဝေါဟာရကို ထည့်သွင်းစပ်ဆိုခဲ့ကြတာမို့ မြန်မာစာပေမပျောက်သမျှ "ပယ်"ဝေါဟာရက ရှင်သန်မြဲ ရှင်သန်နေမှာပါ။
ဒါကြောင့် "ပယ်"ဆိုတဲ့ဝေါဟာရနဲ့ ပတ်သက်လို့ မှတ်သားစရာများကို
လက်လှမ်းမှီသမျှ ဝေငှလိုက်ပါတယ်။
[အမှားများပါရှိပါက အမှန်ပြင်ပေးကြပါရန် လေးစားစွာ တောင်းပန်ပါသည်]

No automatic alt text available.

"ပျောက်ကွယ်သွားတဲ့ 'ပယ်' ဝေါဟာရ (၁)"

"ပယ်"ဆိုတဲ့ ဝေါဟာရဟာ ပုဂံခေတ်က စတင်သုံးစွဲခဲ့တဲ့ ဝေါဟာရဖြစ်ပါတယ်။
မြေအကျယ်အဝန်းကို တိုင်းတာတဲ့အခါ အသုံးပြု ခေါ်ဝေါ်သတ်မှတ်တဲ့ ဝေါဟာရတစ်ခုပါ။
"ပယ်"ဆိုပြီး မြန်မာမှုပြုကြတဲ့ ပါဠိကို ထုတ်ပြပါဆိုရင် "ကရီသ"ဆိုတဲ့ပါဠိပုဒ်ကို ထုတ်ပြရပါလိမ့်မယ်။
မြေရောင်းမြေဝယ်တဲ့အခါမျိုးမှာ
"ကရီသ(ပယ်)"နဲ့ ရေတွက် ရောင်းဝယ်ကြတယ်။
ဥပမာ- ဇေတမင်းသားရဲ့
ကရီသရှစ်ခုလောက်ကျယ်တဲ့ မြေကို
အနာထပိဏ်သူဌေးက ဝယ်တာလိုမျိုးပေါ့။
လယ်ယာရဲ့အကျယ်အဝန်းနဲ့ ဌာနတစ်ခုခုရဲ့အကျယ်အဝန်းကို ဖော်ပြလိုတဲ့အခါတွေမှာလည်း"ကရီသ (ပယ်) " နဲ့ တိုင်းတာပြတာကို ပါဠိစာပေ နေရာအတေည်များများမှာ တွေ့ရပါတယ်။
"ကရီသ (ပယ်)" ကျယ်ဝန်းမှုပမာဏကို
ပါဠိစာပေမှာ
၁။ ပျိုးကြဲ သို့မဟုတ် ပျိုးဝင်ဆန့်မှုနဲ့ဖြစ်စေ၊
၂။ တာအတိုင်းအတာနဲ့ဖြစ်စေ ဖော်ပြကြတာတွေ့ရပါတယ်။
ပျိုးကြဲသို့မဟုတ်ပျိုးဝင်ဆန့်နည်းနဲ့ တွက်ချက်မှုကို အဘိဓာနပ္ပဒီပိကာ ဂါထာ (၁၉၇) မှာ "ကရီသ စတုရမ္ဗဏံ" ၄ အမ္ဗဏ ပျိုးကြဲလောက်ရာ အရပ်ကို ကရီသ(ပယ်) တစ်ခု ရေတွက်ပါတယ်။
့ အဘိဓာနပ္ပဒီပိကာ ဂါထာ (၄၈၄) "ဧကာဒသ ဒေါဏာ တု အမ္ဗဏံ" လို့ဆိုတဲ့အတွက် "တစ်အမ္ဗဏ" ရဲ့ဝင်ဆန့်မှုပမာဏဟာ ၁၁-စိတ်(နှစ်တင်းနဲ့ သုံးစိတ်)ပျိုးကြဲလောက်တဲ့ အကျယ်အဝန်းဖြစ်ပါတယ်။
[စတုဒေါဏံ အမ္ဗဏံ၊ဆဒေါဏန္တိ ဧကေ။ (မူလဋီ၊ ၂၊ ၂၃၂)။ အလို လေးစိတ် တစ်အမ္ဗဏ၊ ခြောက်စိတ် တစ်အမ္ဗဏ အယူအဆနှင့် ၁၆ စိတ် တစ်အမ္ဗဏ ယူဆတဲ့ သံ၊ဋ္ဌ၊ ၁၊ ၂၀၀။ ဒီ၊ ဋ္ဌ၊ ၂၊ ၁၇၈။ တို့ကို ဒီမှာ ဖော်မပြတော့ပါ။ ဆိုင်ရာမှာ လေ့လာကြပါရန်။ ]
ဆိုတော့ ကရီသတစ်ခုဟာ ၄-အမ္ဗဏပျိုးကြဲလောက်တဲ့အရပ်ဖြစ်လို့ (၄၄)စိတ် [၁၁-တင်း] ပျိုးကြဲလောက်တဲ့အကျယ်အဝန်းရှိပါတယ်။
ဒါက ပျိုးဝင်ဆန့်တဲ့ပမာဏနဲ့ "ကရီသ"
အကျယ်အဝန်းကို သတ်မှတ်တဲ့နည်းပါ။
အတိုင်းအတာနဲ့ "ကရီသ"အကျယ်အဝန်း ဖော်ပြချက်ကို ဘုရားကြီးဆရာတော်ပြုစုတော်မူတဲ့ ပါစိတျာဒိယောဇနာမှာ "အဋ္ဌကရီသပ္ပမာဏာ ဘူမိ ဥသဘေန ဒသဥသဘပ္ပမာဏာ ယဋ္ဌိယာ ဒွိသတယဋ္ဌိပ္ပမာဏာ ဟောတီတိ ဒဋ္ဌဗ္ဗံ။"ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရပါတယ်။
ကရီသရှစ်ခုကျယ်ဝန်းတဲ့ မြေအရပ်ဟာ ဆယ်ဥဘရှိပြီး တာအားဖြင့်ရေတွက်ရင် တာ(ယဋ္ဌိ)၂၀၀ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ၂၅ - တာ တစ်ခုကို တစ်ကရီသ(တစ်ပယ်) ကျယ်ဝန်းတယ်လို့ မှတ်ရမှာပေါ့။
တာ(ယဋ္ဌိ)တစ်ခုကို ၇-တောင်ရှိတဲ့အကြောင်း "သတ္တ ရတနာနိ ယဋ္ဌိ။ (အဘိဋ္ဌ၊ ၂၊ ၃၂၈)" နှင့် "ရတနံ တာနိ သတ္တေဝ ယဋ္ဌိ" အဘိဓာနပ္ပဒီပိကာ ဂါထာ (၁၆၉)မှာ ဖော်ပြချက်အရ သိနိုင်ပါတယ်။
ခုဖော်ပြချက်မှာပါတဲ့ "ရတန"ဆိုတာ တစ်တောင်နှစ်တောင်စသဖြင့် တံတောင်နဲ့ တိုင်းတာတဲ့ "တောင်"ဆိုတဲ့ ဝေါဟာရကို ရည်ညွှန်းတာပါ။
ဒါကြောင့် ကရီသတစ်ခု (တစ်ပယ်) ဆိုတာ ၇-တောင် တာနဲ့ တစ်ဘက်ကို ၂၅-တာ ရှိပြီး စတုရန်းတာ (၁၀၀) ကျယ်ဝန်းတဲ့ မြေကွက်ဖြစ်ပါတယ်။
ရှေးမြန်မာမင်းများ အုပ်ချုပ်စဉ်ကာလကလည်း မြန်မာ့လယ်ယာတိုင်းတာတဲ့စနစ်ဟာ "ပယ်"စနစ်နဲ့ တိုင်းတာခဲ့ကြတာပါ။
ပယ်စနစ်နဲ့ ရေတွက်ပုံ နှစ်မျိုးရှိပါတယ်။
၁။ ပကတိပယ်
၂။ မင်းပယ် တို့ပါပဲ။
ပကတိပယ်တွက်ပုံကအထက်မှာ ဖော်ပြခဲ့သလို တဘက်ကို ၂၅-တာ၊ စတုရန်းသတ် တာ ၁၀၀ နဲ့ ရေတွက်ပါတယ်။
ပကတိပယ်တွက်ပုံ အယူအဆမကွဲပြားပေမယ့် မင်းပယ်တွက်ပုံကတော့ ကွဲပြားကြတာ တွေ့ရပါတယ်။
တောင်ပေါက်အဘိဓာနိဿယမှာ ဖော်ပြချက်နဲ့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာဖော်ပြတဲ့ မင်းပယ်ရေတွက်ပုံဟာ မတူကြပါ။
တောင်ပေါက်ဆရာတော်က
"စတုရန်း တာ ၅၀ ကို မင်းပယ်" လို့ အဘိဓာန်နိဿယမှာ ဖော်ပြခဲ့ပါတယ်။ ဒီအယူအဆချက်အတိုင်း တိပိဓာန်မှာလည်း ဖော်ပြခဲ့ပါတယ်။
စတုရန်းတာ ၅၀ ဆိုတာ
"တစ်ဘက်ကို တာ ၅၀ နဲ့ သတ်မှတ်ပြီး စတုရန်းသတ် တာ ၂၀၀ " လို့ ယူဆရမှာပါ။
ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာဖော်ပြတဲ့ မင်းပယ်တွက်နည်းက
"တဘက်ကို ၃၅-တာ, ၂-တောင်, ၁-မိုက်, ၄-သစ် ရှိပြီး စတုရန်သတ် တာ ၁၄၁-တာနဲ့ ၃-တောင်ရှိတယ်လို့ ဆိုပါတယ်။
ဒေါက်တာတိုးလှ ဖော်ပြထားတဲ့ မင်းပယ်တွက်နည်းဟာ "ဗဒုံမင်းရဲ့ပယ် ပုံတော်ကျောက်စာ" မူအရလို့ ဆိုပါတယ်။
တစ်ခါတစ်ရံ ပကတိပယ်ကို မင်းပယ်နဲ့ ကွဲပြားစေဖို့ ဆင်းရဲသားပယ်လို့လည်း ခေါ်ဝေါ်သုံးစွဲကြတယ်လို့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မျက်မှောက်ခေတ်မှာ ရှေးခေတ် မြန်မာ့လယ်ယာမြေစနစ်မှာ အသုံးပြုခဲ့တဲ့ "ပယ်" ဆိုတဲ့ ဝေါဟာရ အစား အနောက်တိုင်း လယ်ယာမြေစနစ်သုံး "ဧက Acre " ဆိုတဲ့ ဝေါဟာရကိုသာ အသုံးပြုကြပါတော့တယ်။
မျက်မှောက်ခေတ်သုံး "ဧက Acre "နဲ့ ပကတိပယ်(ဆင်းရဲသားပယ်)ကို တွက်ရင် ၁.၇၈ ဧကနှင့် ညီမျှပြီး မင်းပယ်တစ်ပယ်ဟာ ၃.၅၅ ဧကနှင့် ညီမျှတယ်လို့ ဒေါက်တာတိုးလှက ဖော်ပြထားပါတယ်။
ရှေးခေတ်က မြန်မာ့လယ်ယာမြေစနစ်မှာ အသုံးပြုခဲ့တဲ့ "ပယ်"ဝေါဟာရဟာ ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်ချိန်ကစပြီး ကွယ်ပျောက်သွားခဲ့ရပါတယ်လို့ ဆိုကြပါတယ်။

ဆက်လက်ဖ်ေပြပါဦးမည်

Saturday, August 20, 2016

ပရိယုဋ္ဌာနမောဟ


စိတ်နှင့်တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ်ဖြစ်နေပြီဟု ဆိုရပေသည်၊ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ၊ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှုအပြစ်ကိုလည်း မသိကြရ၊ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့ သည်ပင် အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်၊ ဤမောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားမျိုးပင်တည်း၊ ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟသာလျှင် အခြေတည်လျက် ရှိလေသည်။
ပညာရှင်ကြီး မောဟဖိစီးပုံ
ဟရိတစ မည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်၊ ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့်ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူလေသည်၊ ထိုဗာရာဏသီပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း၊ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။
အခါတစ်ပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား အတန်တန်မှာပြီးမှ ထွက်သွားလေသည်၊ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တစ်နေ့သော နံနက်မှာမူ ဆရာရသေ့ မလာသေးသည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာရသေ့အလာကို စောင့်မျှောရင်း သလွန်ပေါ်မှာ ခေတ္တလျောင်းနေလေသည်။
အလောင်းတော် ရှင်ရသေ့လည်း အဘိညာဉ်သမာပတ်အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ လေသာနန်း တံခါးပေါက်သို့ ရောက်သောအခါ "လျှော်တေ"ခေါ်သော ရသေ့အဝတ်သံကိုကြား၍ ဗြုန်းခနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ်လျှောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ်တည်နေသော အနုသယမောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟအဖြစ်သို့ ရောက်ကာ လောဘတဏှာ ဖက်တွဲလျက် မိဖုရာလက်ကို ဆွဲပြီးလျှင် သရဲသဘက်ပမာ မှားခြင်းကြီး မှားရှာလေသတဲ့။
ကိုယ်ကျင့်အဘိဓမ္မာမှ…


 တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ