Tuesday, August 7, 2012

ဘုရားရှင်သည် ဆံပင်နဲ့လား ခေါင်းတုံးနဲ့လား?

လေးစားစွာဖြင့်...ဤဆိုဒ်ထဲမှာရှိကြကုန်သောဆရာတော်၊သံဃာတော်များအားရိုသေစွာ
လျှောက်ထားအပ်ပါသည်။

တပည်တော်တို့မြတ်စွာဘုရားရှင်တော်မြတ်ဟာ..ခုခေတ်ရဟန်းသံဃာတွေလိုပဲ..ကတုံး
နဲ့လား..ဆံပင်နဲ့လားဘုရား။ဘုရားရုပ်ပွားတော်မြတ်တွေမှာတော့ဘုရားကဆံပင်ပါပါတယ်။
ဘုန်းကြီးတွေကြတော့ဘာလို့ဆံပင်မထားရပဲကတုံးနဲ့ဖြစ်နေပါလဲဘုရား။
မြတ်စွာဘုရားရှင်မြတ်တော်ဟာဆံပင်နဲ့လားကတုံးနဲ့လားဘုရား..ဖြေကြားပေးတော်မူပါအရှင်ဘုရားတို့။

ရိုသေလေးစားစွာဖြင့်
ဒေါင်းမင်း
♣♣♣♣



ဒက္ခိဏေန ဟတ္ထေန ပရမနိသိတမသိဝရ ဂဟေတွာ ၀ါမဟတ္ထေန မောဠိယာ သဒ္ဓိံ စူဠံ ဂဟေတွာ ဆိန္ဒိ။ ကေသာ ဒွင်္ဂုလိမတ္တာ ဟုတွာ ဒက္ခိဏတော အာဝဋ္ဋမာနော သီသံ အလ္လိယိံသု။ တေသံ ပန ကေသာနံ ယာဝဇီဝံ တဒေ၀ ပမာဏံ အဟောသိ။ ပုန ကေသမဿုသြဟာယနာ န ဟောတိ။ (အပ၊ဋ္ဌ၊၁၊၇၇-၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၃၂။ ဇာ၊ဋ္ဌ၊၁၊၇၆။ တို့၌ရှု)  


အဓိပ္ပာယ်ကား ။ ။ လက်ယာလက်ဖြင့် လက်စွဲတော်သန်လျက်ကိုကိုင်၍ လက်ဝဲလက်ဖြင့် မကိုဋ်တော်နှင့်တကွ ဆံကျင်ကို ကိုင်၍ ဖြတ်တော်မူ၏။ ဆံတော်တို့သည် လက်နှစ်သစ်မျှ ဖြစ်ကုန်လျှက် လက်ယာရစ်လည်ကုန်လျှက် ဦးခေါင်းတော်ကို ကပ်ငြိကုန်၏။ ထိုဆံတော်တို့သည် အသက်ရှည်သမျှကာလပတ်လုံး ထိုအနောမာမြစ်ကမ်းနား၌ ဖြတ်သည့် လက်(၂)သစ်ပမာဏသည်သာ ဖြစ်၏။ နောက်ထပ် ဆံပင်မုတ်ဆိပ်ကျင်စွယ်တို့ကို ရိပ်ဖြတ်ရသည် မရှိ။ (တထာဂတဥဒါန ဒီပနီ၊ ပတွဲ၊ ၁၇၈)


ရဟန်းတော်များကား-
အနုဇာနာမိ ဘိက္ခဝေ ဒုမာသိကံ ၀ါ ဒုဝင်္ဂုလံ ၀ါ=ရဟန်းတို့ လက်နှစ်သစ်ရှိသောဆံပင်ကိုလည်းကောင်း၊ နှစ်လရှိသောဆံပင်ကိုလည်းကောင်း ခွင့်ပြုတော်မူ၏။ (စူဠ၀ဂ္ဂပါဠိတော်-၂၄၂)

မှတ်ချက် ။ ။ အကယ်၍ ဆံပင်က နှစ်လမပြည့်ခင် လက်နှစ်သစ်ပြည့်လျှင်လည်း ဖြတ်ရမည်၊ နှစ်လပြည့်သော်လည်း ဆံပင်က လက်နှစ်သစ်မပြည့်သေးသော်လည်း ဖြတ်ရမည်။ ဟု ယင်းအဋ္ဌကထာ၌ ဖွင့်သည်။

ဤစကားများအရ မြတ်စွာဘုရား၏ ဆံတော်မှာ တစ်သက်လုံး လက်နှစ်သစ်သာရှိသည်။ နောက်ထပ် ရိတ်စရာမလို။ ရဟန်းတော်များမှာ ၀ိနည်းစည်းကမ်းအရ ရိတ်ကြရလေသည်။

မြတ်စွာဘုရားရှင်နှင့် အရှင်နန္ဒကို ရဟန်းတော်များ လွဲမှားကြခြင်းမှာ အရှင်နန္ဒသည် မြတ်စွာဘုရားအောက် လက်လေးသစ်သာ အရပ်နိမ့်သည်။ ထိုအရှင်နန္ဒသည် မြတ်စွာဘုရားရှင်၏သင်္ကန်းတော်နှင့် ညီမျှသောသင်္ကန်းကို ၀တ်လေ့ရှိရကား အခါတစ်ပါး ခပ်လှမ်းလှမ်းမှ အရှင်နန္ဒကြွလာသည်ကို မြင်ကြရသော ရဟန်းတို့သည် မြတ်စွာဘုရား ကြွလာသည် ထင်၍ နေရာမှ ထကြကုန်၏။ အနားရောက်မှ အရှင်နန္ဒမှန်း သိကြလေသည်။


ဤ၀တ္ထုကိုထောက်၍ မြတ်စွာဘုရားရှင်မှာ ရဟန်းတော်များကဲ့သို့ ခေါင်းတုံးဟု အချို့ယူဆကြပါသည်။


မိမိယူဆချက်မှာ အထက်ပါ ပါဠိအဋ္ဌကထာများအရ-

အရှင်နန္ဒသည် ထိုအချိန်၌ ခေါင်းမရိတ်ရသေး၍ မြတ်စွာဘုရားရှင်နှင့် မှားသွားကြသည်ဟုယူဆသည်။ ဒီခေတ်ရဟန်းတော်များ အမြဲတမ်း ခေါင်းတုံးမဟုတ်သည်ကို ဆင်ခြင်ကြည့်စေလိုပါသည်။

အာယသ္မန္တံ နန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ အဝေးမှ လာသည့် အရှင်နန္ဒကို(၀ိ၊ ၂၊ ၂၂၅)ဟု ဆိုသဖြင့် ခပ်လှမ်းလှမ်းမှ အရှင်နန္ဒကို ဘုရားရှင်နှင့် မှားသည်မှာ ဖြစ်နိုင်ပါပေသည်။ ဆံပင်ရှိမရှိနှင့် မဆိုင်ဟု ထင်ပါသည်။ (ဤကား မိမိ၏ အကြံမျှသာဖြစ်၍ ဆင်ခြင်ယူဆကြဖို့ရန်သာဖြစ်သည်။)


တစ်ရံတစ်ခါ မြတ်စွာဘုရားရှင်သည် ရောင်ဖြည်ခြောက်သွယ်ကို သင်္ကန်းတော်ဖြင့် ဖုံးလွမ်း၍ မထင်ရှားသော ဆွမ်းခံရဟန်းကဲ့သို့ ကြွတော်မူတတ်သည်။ ထိုအခါမျိုးတွင်လည်း ဘုရားရှင်ကို ရဟန်းတော် တစ်ပါးနှင့် လွဲမှားသွားနိုင်သည်သာ။ ဘဂဝါ ဟိ ဧကဒါ ဆဗ္ဗဏ္ဏရံသိယော စီဝရေန ပဋိစ္ဆာဒေတွာ အညတရော ပိဏ္ဍပါတိကော ဝိယ စရတိ တိံသယောဇနမဂ္ဂံ အင်္ဂုလိမာလဿ ပစ္စုဂ္ဂမနံ ဂစ္ဆန္တော ဝိယ။ (ဓမ္မပဒဋ္ဌကထာ-၁၊ ၃၀၆)

တစ်ဆက်တည်း ဗုဒ္ဓရုပ်ပွားတော်များ၌ သျှောင်ထုံးပုံရှိနေရသည်ကိုလည်း မှတ်သားသင့်သေးသည်။

မြတ်စွာဘုရားရှင်၌ ကေတုမာလာရတန၀ိစိတ္တတာ-ကေတုမာလာဟုခေါ်အပ်သော ရတနာရောင်ဖြင့် လွန်စွာသပ္ပာယ်တော်မူခြင်း။ ဟူသောလက္ခဏာတော် ရှိသည်။

ဦးခေါင်းတော်မှ ထွက်၍ အထက်ဦးထိပ်၌ အစုဖြစ်ကုန်လျက် ထင်လင်းနေသော အရောင်ကို ကေတုမာလာရောင် ဟုခေါ်ကြ၏။ ထိုအရောင်တော်ကို ပုသဏ္ဌာန်ပေါ်အောင် ယခုခေတ်ဆင်းတုတော်များ၏ ဦးထိပ်တော်၌ စုနေသော အရောင်ပုံကို ထုလုပ်ကြ၏။ သို့သော် ထိုအရောင်ပုံသည် များသောအားဖြင့် ဆံပင်တော်အရောင်ကဲ့သို့ ညိုမှောင်နေရကား တစ်ချို့က သျှောင်ပုံ-သျှောင်ထုံးပုံ ဟု ထင်မှားကြလေသည်။

ထိုကဲ့သို့ မထင်မှားရအောင် ဦးထိပ်တော်၌ အရောင်အ၀ါ စုနေပုံကို ပြနိုင်လျှင် သာ၍ သဘာဝကျပေလိမ့်မည်။ (အရှင်ဇနာကာဘိဝံသ၏၊ ရတနာ့ဂုဏ်ရည်-၄၃၂) ဟု မိန့်ဆိုတော်မူသည်။

 အမေးကို အကျဉ်းချုံး၍ ဖြေဆိုရပါလျှင်…
မြတ်စွာဘုရားရှင်သည် တစ်သက်လုံး ဆံတော်လက်နှစ်သစ်ရှိသည်။ ရဟန်းတော်များမှာ ၀ိနည်းပညတ်တော်ရှိသောကြောင့် ဆံရိပ်ကြရသည်။ 

သို့သော် အမြဲတမ်း ခေါင်းပြောင်နေသည်ကားမဟုတ်ပါ။ ဆံမရိပ်လျှင် ဆံပင်တွေနှင့်သာ ဖူးမြင်ကြရမည်သာ။

အကယ်၍ ဆံပင်က နှစ်လမပြည့်ခင် လက်နှစ်သစ်ပြည့်လျှင်လည်း ဖြတ်ရမည်၊ နှစ်လပြည့်သော်လည်း ဆံပင်က လက်နှစ်သစ်မပြည့်သေးသော်လည်း ဖြတ်ရမည်။ ဟုပညတ်ချက်ရှိသည့်အတိုင်း ဆံရိပ်မှုကိုပြုကြရသည်ဟု ဖြေဆိုလိုက်ပါသည်။


(အမှားပါလျှင် ခွင့်လွတ်ပေးရန်နှင့် ညွှန်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ…။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ