Saturday, June 14, 2014

ဗုဒ္ဓဘာသာလက်စွဲ (၈) **ငါးပါးသီလ၊ ဆွမ်းကပ်**



ပထမတန်း
နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရကျက်ရမည့်စာများ။

[သူငယ်တန်း စာများကို မရသေးလျှင် နှုတ်တက်ရပါစေ။]

ငါးပါးသီလ။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပမာဒဌနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

ဆွမ်းကပ်

ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မဟာရုဏာတော်သခင် ရှင်တော်မြတ်ဘုရားအား ဤမွန်မြတ်သော ဆွမ်းတော်ကို လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား၊ ဤသို့ ဆက်ကပ် လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ရလိုပါ၏ အရှင်ဘုရား။

ရေချမ်းကပ်။       “ဤကြည်လင် သန့်ရှင်းသော ရေချမ်းတော်ကို လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား” ဟု လဲလှယ်၍ ဆို။
ပန်းကပ်။  “ဤတင့်တယ်လှပသော ပန်းတော်ကို လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား” ဟု လဲလှယ်၍ဆို။
မီးကပ်။    “အမိုက်အမှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းတောက်ပသော ဤဆီးမီးကို
(ဤဓာတ်မီးကို) လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား” ဟု လဲလှယ်၍ဆို။

တပည့်ဝတ် ငါးပါး။

(၁) ဆည်းကပ်ချဉ်းခ,
(၂) ဆုံးမနာယူ,
(၃) လာမူကြိုဆီး,
(၄) ထံနီးလုပ်ကျွေး,
(၅) သင်တွေးအံရွတ်, တပည့်ဝတ်, မချွတ်ငါးခုသာ။


သားသမီးဝတ် ငါးပါး။

(၁) ကျွေးမွေးမပျက်,
(၂) ဆောင်ရွက်စီမံ,
(၃) မွေခံထိုက်စေ,
(၄) လှူမျှဝေ၍,
(၅) စောင့်လေမျိုးနွယ်, ဝတ်ငါးသွယ်, ကျင့်ဖွယ်သားတို့တာ။

ပထမတန်းအရကျက်ရန်ပြီး၏။

မဖတ်တတ်သေးမီ ပြောပြရန်

ငါးပါးသီလအနက်နှင့် မြန်မာပြန်။

၁။ ။ ပါဏာတိပါတာ-သူ့အသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ဆောက်တည်ပါ၏၊ … မြန်မာလို-သူ့အသက် သတ်ခြင်းမှ ရှောင်ပါ၏။

၂။ ။ အဒိန္နာဒါနာ-မပေးအပ်သော သူ့ဥစ္စာကို ယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြည် ကြောင်း သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ဆောက်တည်ပါ၏၊ …မြန်မာလို-သူ့ဥစ္စာကို လိမ်၍ ခိုး၍ တိုက်ခိုက် လုယက်၍ ယူခြင်းမှ ရှောင်ပါ၏။

၃။ ။ကာမေသုမိစ္ဆာစာရာ-ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောကျင့်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်ကို၊ သမာဒိယာမိ-ဆောက်တည် ပါ၏၊……မြန်မာလို-(ယောက်ျားများအတွက်) သူ့မယား သူ့သမီးပျိုများကို ကျူးလွန်ခြင်းမှ ရှောင်ပါ၏၊ (မိန်းမများ အတွက်) မိမိယောက်ျားမှ တစ်ပါးသော ယောက်ျားတို့နှင့် ကျူးလွန်ခြင်းမှ ရှောင်ပါ၏။

၎။ ။ မုသာဝါဒါ-မဟုတ်မမှန် ပြောဆိုခြင်းမှ၊ ဝေရဏိသိက္ခာပဒံ-ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ် ကို၊ သမာဒိယာမိ-ဆောက်တည်ပါ၏။…မြန်မာလို-လိမ်၍ညာ၍ပြောခြင်းမှ ရှောင်ပါ၏။

၅။ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ-ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည် အရက်ကိုသောက်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ဆောက်တည်ပါ၏။…မြန်မာလို-သေရည် အရက်သောက်ခြင်းမှ ရှောင်ပါ၏၊ သေရည် အရက် သာမက, မူးယစ်စေတက် အလုပ်ကိစ္စ၌ မေ့လျော့စေတတ်သော ဘိန်း, ကဇော်, ဆေးခြောက် စသည်ကို စားခြင်း ရှူခြင်းမှလည်း ရှောင်ရသည်။]
ဆရာ။     ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံသုံးပါးတည်သူဟာ ဤငါးပါးသီလကိုလဲ လုံခြုံအောင် စောင့်စည်းနိုင်မှ လူကောင်း တစ်ယောက် ဖြစ်နိုင်မယ်၊
ဒါ့ကြောင့် ကလေးဘဝက စ၍ ဝတ်ထားသောပုဆိုး မြဲသလို ဤငါးပါးသီလကို

အမြဲစောင့်စည်းကြနော်၊ ဒီလို သရဏဂုံတည်လို့ အကျိုးရသောဝတ္ထုကို ပထမဖတ်ပြီး ငါးပါး သီလ အကျိုးကို ဒုတိယဖတ်ပြမယ်။ [သူတို့ဘာသာ ဖတ်တတ်လျှင်လဲ ဖတ်ပါစေ။]

သရဏဂုံတည်သော အမျိုးသားအကြောင်း။

အနောမဒဿီ မြတ်စွာဘုရား ပွင့်တော်မူရာအခါ၌မျက်မမြင် မိဘတို့ကို ပြုစုလုပ်ကျွေးနေသော လုလင်ပျို တစ်ယောက်သည် သရဏဂုံ သုံးပါးကို တစ်သက်မပျက်အောင် ဆောက်တည်ခဲ့ လေသည်၊ ထိုလုလင်သည် ထိုဘဝမှ သေလွန်လျင် သရဏဂုံ ဆောက်တည်ထားသော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်လေသည်၊ ထိုနတ်သားသည် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ မလားရဘဲ နတ်မင်းစည်းစိမ် လူမင်းစည်းစိမ်ကို အကြိမ်းများစွာ ခံစား၍ ငါတို့ ဘုရား ပွင့်တော်မူလာသောအခါ သာဝတ္ထိမြို့ဝယ် ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးဖြစ်လာလေသည်။

ထို သူငယ်သည် ကစားဖော် သူငယ်များ၏ ရှေ့သွားခေါင်းဆောင်ဖြစ်၍ အခါတစ်ပါး၌ ရဟန်းတော်များ၏ ကျောင်းတိုက်သို့ ရောက်သွားလေရာ, ရဟန္တာတစ်ပါးက သရဏဂုံ သုံးပါးကို ပေးလေလျှင်, ရှေးရှေး ဝါသနာပါလာသူဖြစ်၍ ခုနစ်နှစ် အရွယ်မှာပင် ရဟန္တာရဟန်းတော် ကလေး ဖြစ်ရလေသည်။
သုဘူတိဝဂ္ဂ, သရဏဂမနီယထေရအပဒါန် ပါဠိတော်။

ငါးပါးသီလလုံသော အမျိုးသားအကြောင်း။

အနောပဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ လုလင်တစ်ယောက်သည် ဆင်းရဲနွမ်းပါး၍ အစေခံဘဝဖြင့် နေရသော်လည်း ရဟန္တာတစ်ပါး၏ အထံ၌ ငါးပါးသီလခံယူ အမြဲလုံခြုံအောင် စောင့်ထိန်းခဲလေသည်၊ တစ်သက်လုံး ထိုသီလကို စောင့်ထိန်း၍ သေခါနီးသော် ထိုသီလကိုပင် အမှတ်ရစွာ စုတေကာဖြင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရလေသည်၊ ထိုနတ်သားလည်း အပါယ် လေးပါးသို့ မလားရဘဲ နတ်မင်းစည်းစိမ် လူမင်းစည်းစိမ် အကြိမ်များစွာ ခံစားရ၍ ငါတို့ ဘုရား လက်ထက်တော်၌ ဝေသာလီမြိုဝယ် အထက်တန်းစား အမျိုးမှာ ဖြစ်လာလေသည်။

ထိုသူငယ်သည် ငါးနှစ်သားအရွယ်သို့ ရောက်သည့် အခါ မိဘနှစ်ပါးတို့ ငါးပါးသီလ ခံယူသံကို ကြားရ၍ ရှေးဝါသနာ ပါလာသောကြောင့် ထိုနေရာမှာပင် သူ၏ သီလကို သတိရ၍ ရဟန္တာ ရဟန်းတော် ဖြစ်သွားလေသည်။
သုဘူတိဝဂ္ဂ, ပဉ္စလီလသမာဒါနိယထေရ အပဒါန်ပါဠိတော်။

ဆရာ။    ။ ကဲကဲ, ဒီ ဝတ္ထုနှစ်ပါးကို စဉ်းစားလျှင် ကလေးတို့ ဆောက်တည်တဲ့ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလဟာ အလွန် အကျိုးများကြောင်း ထင်ရှားတယ်နော် ဒါပေမယ့် တစ်ခု သတိထားဖို့ လိုတယ်၊ သရဏဂုံ ဆောက်တည်တဲ့ အမျိုးသားဟာ အစကတည်းက မိဘကို ပြုစုနေသူဖြစ်တော့ စိတ်ကောင်းရှိပုံ (လိမ္မာပုံ) မရဘူလား။

တပည့်များ။        ။ လိမ္မာပုံရတယ် ဆရာ။

ဆရာ။     ။ ပြီးတော့ ငါးပါးသီလကြောင့် အကျိုးရတဲ့ သူငယ်ဟာလဲ “ရဟန္တာတစ်ပါးထံ
သီလခံယူတယ်” ဆိုတော့ ဘုရား တရား သံဃာကို ကြဉ်ညိုပြီး သရဏဂုံတည်သူ မဟုတ်ပေးဘူလားကွဲ့။

တပည့်များ။        ။ တည်မှာပါပဲ ဆရာ။

ဆရာ။     ။ အဲ, သည်တော့ကာ-ကလေးများလဲ ဘုရား တရားနှင့် အရိယာသံဃာ, ကောင်းမွန်စွာ နေထိုင်တဲ့ ရဟန်းတော်များကို ကိုးကွယ်ဆည်းကပ်တဲ့ သရဏဂုံနှင့် ငါးပါးသီလ လုံခြုံတဲ့ အပြင်, စိတ်ကောင်းရှိသော လူလိမ္မာကလေးများ ဖြစ်ကြကွဲ့နော်၊ ဒါမှ ဝတ္ထုကြောင်း မှာပါတဲ့ အမျိုးကောင်းသားများလို အပါယ်လေးပါးက လွတ်ပြီး ဘဝတိုင်းချမ်းချမ်း သာသာနဲ့ ရဟန္တာ ဖြစ်နိုင်ကြမယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ