Wednesday, May 15, 2013

ပရမတ္ထဟူသည်

ပရမတ္ထတရား ၄-ပါး 
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော” ဟုဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ = မြတ်သော + အတ္ထ= အနက်သဘော၊ ပရမတ္ထ = မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏) ထိုပရမတ္ထတရားကား - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။


မဖောက်ပြန်ပုံ 
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏၊ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာ ဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာ ဖြစ်ဖြစ်၊ ခွေးသန္တာန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်း သဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်းသိပါ။


ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သောကြောင့် မိမိ သူတစ်ပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုလမ်းညွှန်ပြမည့် ပရမတ်သဘောများကို ကြိုကြိုးစားစား လေ့လာသင့်ကြပါသည်။

(ဆောင်)
၁။ သဘောအမှန်၊ မဖောက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။ ၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါးပြားဘိသော်။ 

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣မေတ္တာရိပ်မှ ဓမ္မဒါနပြုပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ