Wednesday, May 1, 2013

နိဗ္ဗာန်မြင်ချင်ရင် မင်းကိုဖယ်


 ဒကာတစ်ယောက်သည် မဟာဂန္ဓာရုံဆရာတော်နဲ့လဲ သွေးသားတော်စပ်ပြီး လောကုတ္တရာ စာပေတွေကိုလဲ ထိပ်တန်းရောက်အောင် တတ်ထားသူဖြစ်၏။ ထို့ကြောင့်လည်း စာပေတော် အကျော်အမော် ဆရာတော်တွေကိုလဲ အထင်မကြီးဘဲ သာသနာတော်ကိုလဲ တစ်ဖက်က မယုံတယုံ ဖြစ်နေ၏။

စာပေဖက်မှာ မသိတာမရှိလောက်အောင် တတ်ကျွမ်းထားသူပီပီ သူ့ကိုယ်သူ အထင်ကြီးပြီး ရတနာသုံးပါးသော်မှ တကယ်မကြည်ညိုမလေးစားသော အသွင်ကို ဆောင်သွားပါသည်။

ဘုန်းကြီးဆိုတာ ငါလိုလူပဲ၊ ဘုရားဆိုတာ အုတ်ပုံပဲ၊ ရုပ်ပွားတော်ဆိုတာ ကျောက်ရုပ်ပဲ၊ တရားဆိုတာ ဒဏ္ဍာရီပုံပြင်လို သဘောရောက်နေပြီး သူ့ကိုယ်သူ ကယ်တင်ရှင် ရှာဖွေသည့်သဘောဖြင့် ဆရာတော်ထံ ရောက်လာခဲ့၏။


ဆရာတော်ဘုရား...တပည့်တော်ကို နိဗ္ဗာန်ဘယ်နားမှာ ရှိတယ်ဆိုတာကို တိုတိုနဲ့ ဟောပြနိုင်ရင် ဆရာတော်အား တပည့်တော် တစ်သက်လုံး ကိုးကွယ်ဆည်းကပ်သွားပါမယ်ဘုရားဟု လျှောက်လိုက်၏။

ဆရာတော်က မင်းကို နိဗ္ဗာန်ဘယ်နားမှာဆိုတာလဲ မဟောပြနိုင်ဘူး၊ ငါ့ကိုလဲ တစ်သက်လုံး မကိုးကွယ်နဲ့ ဟု မိန့်ကြားတော်မူ၏။

မင်းမေးတဲ့ နိဗ္ဗာန်ဘယ်နားမှာဆိုတာ သိချင်ရင် " ဣမေသံ ပဉ္စန္နံ ခန္ဓာနံ အပ္ပဝတ္တိဝသေန နိဗ္ဗာနံ"တဲ့၊ စာဆိုတဲ့အတိုင်း မင်းနောက်ကျောနား မင်းပြန်လှည့်ကြည့်လိုက်စမ်း..၊ မြင်ရလား..

မမြင်ရပါဘုရား..

ဘယ်မြင်ရမလဲ မင်းက ကွယ်ထားတာကိုး နိဗ္ဗာန်ကိုမြင်ချင်ရင် မင်းကို ဘေးဖယ်ပြီးမှ ကြည့် မြင်ရလိမ့်မယ်၊ သွားတော့.ဟု မိန့်ကြားတော်မူလိုက်သည်။

မဟာဂန္ဓာရုံဆရာတော်၏ လျှပ်တစ်ပြက် မိန့်ကြားတော်မူချက်များမှ ကူးယူဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ