Wednesday, August 8, 2012

ဘာသာခြား တစ်ဦးနှင့် တွေ့ဆုံခဲ့ရာဝယ်

ဦးဇင်း.. မန္တလေးကနေ ကျောက်ဆည်မြို့ကို အကြောင်းတစ်ခုကြောင့် သွားရပါတယ်။
ထုံစံအတိုင်း လိုင်းကားစီးလို့ပေါ့။ ခေါင်းခန်းထဲမှာပဲ စီးနင်းလိုက်ပါသွားတာပါ။
ဘာသာခြားကားဆိုရင် မစီးဖြစ်တဲ့ ဦးဇင်းက အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ဘာသာခြားရဲ့ ကားခေါင်းထဲမှာ စီးသွားရပါတယ်။

လမ်းရောက်တော့ ဒရိုင်ဘာရဲ့ အသိတစ်ယေက်ပါ ခေါင်းခန်းထဲ ၀င်လိုက်လာလို့ သုံးယောက်သား ခပ်ကျပ်ကျပ်နဲ့ပဲ ခရီးနင်ခဲ့ရပါတယ်။
သူတို့နှစ်ယောက်က အသိတွေဆိုတော့ စကားတပြောပြောနဲ့ပေါ့။
တစ်ချီမှာတော့ သူတို့က ဦးဇင်းဘက်ကို စကားဦးသန်းလာတယ်။

“ဦးဇင်းတဲ့ ဂဏန်းလေး စွန့်ပါဦး”
“ ဦးဇင်းက ၀ါသနာ မပါပါဘူး” လို့ ခပ်ပြတ်ပြတ်ပြောလိုက်တော့
“ ဒီလိုဆိုလဲ ရင်ထဲက အလှဆုံးဂဏန်းလေး အမိန့်ရှိစမ်းပါ” တဲ့


ကဲ မခက်ပေဘူးလားဗျာ။
ဒါနဲ့ ဦးဇင်းက “ ဒကာကြီး ဦးဇင်းက ကိုယ်ကိုယ်တိုင်လဲ မလုပ်ဘူး၊ သူများကိုလဲ မတိုက်တွန်းပါဘူး။ ပြောလဲ မပြောပြတတ်ဘူး” လို့ဆိုလိုက်တော့မှ စကားပြတ်သွားတယ်။
သူတို့နှစ်ယောက် ဘ၀အတွေ့အကြုံတွေ ပြောနေကြတယ်။

“ငါကွာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့် ခုထိ ဘာဘေးဒဏ်မှ မကြုံခဲ့ဘူးသေးဖူး...
ဘုရားသခင်က အားလုံးအပေါ်ကောင်းတယ်ကွ” သူကပြောရင်း
“ ဟုတ်တယ်မဟုတ်လား ဦးဇင်း” တဲ့ မဲဆန္ဒတောင်းနေပါတယ်။

ဦးဇင်း။ ။ ဟုတ်ပါတယ် ဘုရားကကောင်းပါတယ်၊ လူအများစုရဲ့ ယုံကြည်မှု ခံရသူတစ်ဦးဖြစ်ဖို့ လွယ်တာမှမဟုတ်ပဲ၊ သူ့မှာ ကောင်းတဲ့ ဂုဏ်တွေ ရှိလို့ပေါ့။ မကောင်းတာက လူတွေပါ။

ဒကာ။ ။ အင်း….ဟုတ်တယ်၊ မကောင်းတာက လူတွေ၊ တပည့်တော်ဆိုရင် ကိုယ့်စီးပွားရေးနဲ့ ကိုယ်ဆိုတော့ ဗလီမတက်နိုင်ဘူး စည်းကမ်းမလိုက်နာဘူးပေါ့။

ဦးဇင်း။ ။ ဒါပေါ့ ဒကာကြီး ဘယ်ဘာသာပဲဖြစ်ဖြစ် လူသာအဓိကပါ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ စည်းကမ်းကို လိုက်နာတာ မလိုက်နာတာဟာ ဘာသာနဲ့မဆိုင်တော့ဘူး လူနဲ့ဆိုင်တယ်။
ဒကာ။ ။ ဟုတ်တယ် ဟုတ်တယ်။

ဦးဇင်း။ ။ ဒါနဲ့နေပါဦး ဒကာကြီးတို့ ဘာသာမှာ သေရင်ဘယ်ရောက်တုန်း။
ဒကာ။ ။ လူတစ်ယောက် သေလို့ရှိရင် လိုက်ပို့တဲ့သူတွေ အပြန် ၄၉လမ်း?(မမှတ်မိတော့) လောက်ရောက်ရင် အဲဒီသေတဲ့သူက အစစ်ဆေးခံရတယ်။ အပြစ်ရှိရင် မကောင်းတဲ့ဘုံကို ပို့တယ်။ အပြစ်မရှိရင် ကောင်းတဲ့ဘုံကို ပို့တယ်။

ဦးဇင်း ။ ။ ဒီလိုဆို အပြစ်ရှိတယ် မရှိဘူး ဘာနဲ့ သတ်မှတ်ကြသလဲ။
ဒကာ ။ ။ အာ…အဲဒါတော့ တပည့်တော်လဲ မလေ့လာမိဘူး။
ဦးဇင်း။ ။ ထားပါတော့လေ ဒကာကြီးကမသိတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ အယူအဆကို ပြောပြမယ် နားထောင်မလား။

ဒကာ ။ ။ နားထောင်မှာပေါ့ဘုရား။
ဦးဇင်း။ ။ အပြစ်ရှိမရှိသိချင်ရင် လုပ်ငန်းကို ကြည့်ရတယ်ဒကာကြီးရဲ့၊ ဒကာကြီးနဲ့တကွ လူတွေအားလုံး အလုပ်တွေ မရေတွက်နိုင်အောင်မြောက်များစွာ လုပ်နေပေမယ့် လိုရင်းချုပ်လိုက်တော့ အလုပ်က (၃)မျိုးပဲရှိပါတယ်။
အဲဒါတွေက
(၁) ကိုယ်နဲ့လုပ်ရတဲ့ လုပ်ငန်း၊
(၂)နုတ်နဲ့ပြောရတဲ့လုပ်ငန်း၊
(၃) စိတ်နဲ့တွေးတောကြံစည်ရတဲ့ လုပ်ငန်းဆိုပီး သုံးမျိုးပေါ့။

အဲဒါကို ကာယကံ ၀စီကံ မနောကံလို့ ဗုဒ္ဓဘာသာ ၀င်တွေက ခေါ်ဝေါ်သုံးနှုန်းကြတာပါ။ အဲဒီလုပ်ငန်းတွေလုပ်တဲ့အခါ (၁) ကိုယ်အကျိုးစီးပွား၊ (၂) သူ့အကျိုး စီးပွား (၃)မိမိသူတစ်ပါး နှစ်ဦးလုံးရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းမျိုးကို အပြစ်ရှိတဲ့ လုပ်ငန်းလို့ ဦးဇင်းတို့ ဗုဒ္ဓက မိန့်တော်မူထားတယ်။

ဒကာကြီး ။ ။ အော် ဒီလိုလား အဲဒီလိုတစ်ခါမှ မစဉ်းစားမိဘူးဘူး ကောင်းလိုက်တာ။
ဦးဇင်း ။ ။ ဒါနဲ့ ဒကာကြီး ဒီမွတ်စလင် ဘာသာကို ဘာလို့ ကိုးကွယ်တာလဲ။
ဒကာ ။ ။ ဒါလဲ တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ခုမှဘဲ စဉ်းစားမိတော့တယ်။

ဦးဇင်း ။ ။ ဦးဇင်းကတော့ ကိုးကွယ်တယ်ဆိုတာကို အားကိုးတယ်လို့ပဲ ပြောချင်တယ်။ ဘာကြောင့်အားကိုးတာလဲ၊ ကိုယ့်မှာ အားနည်းချက်ရှိလို့ပေါ့။ အာနည်းချက်ရှိသူက အားသာချက်ရှိသူကို အားကိုကြတာ သဘာဝပါပဲ။ ငွေကြေးအားနည်းသူက ငွေကြေးရှိသူကို အားကိုးကြတယ်။ စသည်ဖြင့်ပေါ့လေ။ ဒါပေမယ့် ကိုယ်အားကိုးတဲ့ ပုဂ္ဂိုလ်က ကိုယ့်အားနည်းချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ ကိုယ့်ကို ဘေးဒုက္ခပေးမယ့်သူကို အားကိုးမိရင် ဘယ်လိုဖြစ်မယ် ထင်သလဲဒကာကြီး

ဒကာ။ ။ ဟာ…မိုက်တွင်း နက်သထက် နက်သွားမှာပေါ့။
ဦးဇင်း။ ။ ဒါပေါ့ဒကာကြီး ဒါကြောင့် အားကိုးတယ် ကိုးကွယ်တယ် ဆိုတာလဲ ကိုယ့်ရဲ့ ဒုက္ခကို တကယ် ကယ်တင်နိုင်သလားဆိုတာ စဉ်းစားပြီး ကိုးကွယ်သင့်တယ်။
ဒကာ။ ။ ခုန ဦးဇင်းပြောတဲ့အထဲမှာ ကိုးကွယ်တယ်ဆိုတာ အားနည်းချက်ရှိလို့ ကိုးကွယ်တယ်ဆိုတာပါသွားတယ်။ အားနည်းချက်ရှိတဲ့ လူသားချင်းတူရဲ့သားနဲ့ ဘာလို့ ကိုးကွယ်တဲ့ဘာသာတွေက မတူကြတာလဲ။

ဦးဇင်း ။ ။ ကဲ ဟော့ ဒီမှာကြည့် (ကားမှန်တွင် အ၀ိုင်းတစ်ခု လက်ဖြင့် ဆွဲပြသည်။) အဲဒီ အ၀ိုင်းကို ဒကာကြီး ဘာလို့မြင်သလဲ။
ဒကာ ။ ။ နားမလည်ဘူး ဘုရား…။

ဦးဇင်း ။ ။ ဒကာကြီးက အဲဒီအ၀ိုင်းကို ၀လုံးလို့ မြင်တယ်ဆိုပါစို့။
ဒကာ ။ ။ ကဲ တပည့်တော် ၀လုံးလို့ မြင်ပါပြီ။ အဲဒါပီးတော့။

ဦးဇင်း ။ ။ ဒကာကြီးက ၀လုံးလို့မြင်တယ်၊ ဦးဇင်းက လပြည့်ဝန်းပုံလို့မြင်တယ်၊ ကျန်တဲ့သူက သုညလို့ ပြောချင်ပြောမယ်၊ နောက်တစ်ရောက်က ဇီးရိုးလို့ ဆိုချင်ဆိုမယ်၊ ဘယ့်နယ်လဲ အမြင်တူကြသေးသလား။
ဒကာ။ ။ သြော်…..ဟုတ်သားပဲ ဒါဆို အမြင်မတူကြလို့ ကိုးကွယ်မှုတွေလဲ အမျိုးမျိုးဖြစ်နေတာပေါ့…။

ဦးဇင်း ။ ။ ဒါပေါ့ဒကာကြီး၊ ယုံကြည်ချက် ခံယူချက်ခြင်း မတူလို့ ကိုးကွယ်မှုတွေ အမျိုးမျိုးကွဲသွားကြတာပေါ့။
ဒကာကြီး ။ ။ ဦးဇင်းရယ် အခု တပည့်တော် စိတ်တွေ လေလွင့်နေတယ်၊ ဘာလုပ်ရမလဲ။
ဦးဇင်း။ ။ ထိန်းပေါ့ဗျာ။

ဒကာ ။ ။ ထိန်းတယ်ဘုရား မရဘူး။
ဦးဇင်း ။ ။ ဒကာကြီးက ကားဒရိုင်ဘာဆိုတော့ ကားနဲ့ဥပမာပေးရမှာပေါ့၊ ဒကာကြီး ကားဘရိတ်အုပ်တဲ့အခါ အုပ်အုပ်ချင်းရပ်သလား။
ဒကာ။ ။ အာဒါတော့ ဘယ်ရပ်မလဲ ဘုရား။

ဦးဇင်း ။ ။ အုပ်ပါများရင်တော့ ရပ်တယ်မဟုတ်လား
ဒကာ။ ။ ဒါတော့ ရပ်တာပေါ့။

ဦးဇင်း ။ ။ စိတ်လဲ ဒီအတိုင်းပဲ ထိန်းပါများရင် လွင့်တာတွေ ရပ်လာပါလိမ့်မယ်၊ ထိန်းဖို့ဘဲ လိုတာပါ။
ဒကာ။ ။ စိတ်ညစ်ရင် ပုတီးစိတ်ရမလား။ (ဘာသာခြားက ပုတီးစိတ်ရမလား မေးတော့ ရယ်ချင်မိသည်။)

ဦးဇင်း။ ။ အဲဒီလိုလုပ်ဖို့ ဆန္ဒရှိလဲ လုပ်ပါ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် ခုနက ပြောခဲ့တဲ့ ကိုးကွယ်မှု အားကိုးမှုဆိုတာလေ။
ဒကာ။ ။ အင်း မှတ်မိပါတယ်။

ဦးဇင်း ။ ။ ဦးဇင်းတို့က စိတ်ညစ်ရင် ဘယ်သူ့ကို ကိုးကွယ်ရမလဲ ဘယ်သူ့ကို သတိရ ရမလဲ၊ ဒါလေးပြောမလို့ပါ၊ စိတ်ညစ်နေရင် စိတ်သန့်ရှင်းသူကို သတိရလိုက်ပေါ့ဗျာ၊ ဦးဇင်းတို့က ဦးဇင်းတို့ရဲ့ ဗုဒ္ဓကို စိတ်အသန့်ရှင်းဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ထားတာပါ။ ဦးဇင်းတို့ ဘုရားရှင်မှာ လိုချင်မှုတပ်မက်မှုဆိုတဲ့ သဘောတွေ၊ စိတ်ဆိုးမှုဆိုတဲ့သဘောတွေ၊ ကိုယ့်ထက်သာ မနာလိုမှုဆိုတဲ့ သဘောတွေ၊ ကိုယ့်လို သူများကြီးပွားသွားမှာ စိုးတဲ့သဘောတွေ မရှိဘူးလို့ သတ်မှတ်ထားကြပါတယ်။ တကယ်လဲ မသန့်ရှင်းတဲ့ စိတ်ဟူသမျှ ကင်းရှင်းတော်မူပြီးသားပါ။
ဒကာ။ ။ ဘယ်လိုသတိရ ရမှာလဲ။

 ဦးဇင်း ။ ။ ဒကာကြီး စိတ်ညစ်တဲ့အချိန် ဥပမာ စိတ်ဆိုးပြီး ဒေါသထွက်နေရင် အော်သူတို့ဗုဒ္ဓဘာသာဘုရားဟာ ဒီလိုစိတ်ဆိုးမှုဒေါသမရှိဘူးဆိုပါလား၊ အတော်ငြိမ်းအေးတော် မူပါပဲလို့ တွေးကြည့်လိုက်စမ်းပါ၊ အဲဒီလိုတွေးလိုက်တဲ့အချိန်မှာ ငြိမ်းအေးတဲ့ ဓာတ်ကလေး ကူးစက်လာပြီး ဒေါသကို အကြာချည်းလက်ခံဖို့ လက်တွန့်လာမယ်ပေါ့။ ဘယ်လို စိတ်ညစ်မှုနဲဘဲ ကြုံကြုံ ဦးဇင်းတို့ ဗုဒ္ဓဘုရားမှာ စိတ်ညစ်မှုတွေကင်းဝေးတော်မူတယ်၊ ဘယ်လောက် ငြိမ်းချမ်းနေမလဲလို့ အာရုံပြုကြည့်ရင် ဒကာကြီးရဲ့ စိတ်ညစ်မှုတွေဟာ တဖြည်းဖြည်းနဲ့ လျော့ပါးလာမှာပါဗျာ။ ကိုင်း ကားဂိတ်လဲဆုံးပြီ။ ဦးဇင်း ဆင်းတော့မယ်။
ဒကာ။ ။ နောက်လည်း ဒီကားကို လာစီးပါဘုရား။

ဦးဇင်း ။ ။ ကြုံရင်စီးပါ့မယ် ဒကာကြီး၊ ဦးဇင်းသွားပြီ။ လို့ နှုတ်ဆက်ရင်း လိုရာခရီးကို ဆက်ခဲ့ပါတော့တယ်။

အားလုံး ချမ်းမြေ့ကြပါစေ.....(ရနံ့စံအိမ်)