“အရှင်ဘုရား တပည့်တော် တောင်းပန်လျှောက်ထားပါ၏ ဘုရားတပည့်တော်အား ကမ္မဋ္ဌာန်း တရားအကျဉ်းဟောတော်မူပါဘုရား၊ အဲဒီတရားနားကြားပြီး အဖော်မမှီး တစ်ပါတည်း ဆိတ်ငြိမ်ရာနေပြီး မမေ့မလျော့ မပေါ့ မဆ ပြင်းပြင်းထန်ထန် နိဗ္ဗာန်တိုင် ရည်ရွယ်ပြီး အားထုတ်ပါ့မယ် ဘုရား”
အခါတစ်ပါး အသက်အရွယ်ကြီးရင့်ပြီဖြစ်သော မာလုကျပုတ္တ( မာလုကျာ၏သား) ရဟန်းတော်တပါး ဗုဒ္ဓမြတ်စွာထံ အထက်ပါပြခဲ့သည့်အတိုင်း တရားတောင်းနေလေသည်။ အသက်အရွယ်ကြီး ရင့်၍ အိုမင်းမစွမ်း ရဟန်းတော်တပါး တရားတောင်းသည်ဖြစ်၍ လိုရင်းနှင့် တိုရှင်းကိုသာ တောင်းလေသည်။ သို့သော် သူ့သန္တာန်တွင် ခံယူချက် ရည်ညွှန်းချက်များ ပါဝင်သည့် တရားတောင်းခြင်းမျိုးဖြစ်သည်ဟုဆိုရပေမည်။
ဗုဒ္ဓမြတ်စွာသည် ထိုရဟန်းတော်ကို ချီးမွမ်းသံလည်းပါ ကဲရဲ့ဟန်လည်းပါသည့် စကားတော်ကို ဤသို့ မိန့်တော်မူလိုက်လေသည်။
“သင့်လို အိုမင်းမစွမ်း ရဟန်းတော်က ကမ္မဋ္ဌာန်းတောင်းနေလေတော့ အရွယ်နုနယ် ရဟန်းငယ်တွေအတွက် ပြောစရာမလိုတော့ပေ”ဟု မိန့်တော်မူလိုက်သည်။
မာလုကျပုတ္တအရှင်ကလည်း သဘောပေါက်ဟန်ရှိ၏။ ထိုကြောင့် မိမိ၏ ရင်တွင်းခံစားချက်ကို ဤလို လျှောက်တင်လေ၏။
“အရှင်ဘုရား တပည့်တော် အိုမင်းပြီ ဖြစ်သော်လည်း အကျဉ်းချုပ် သြ၀ါဒကို ဟောသာဟာတော်မူပါ၊ တပည့်တော် အရှင်ဘုရားရဲ့ တရားတော်ကို ကိုယ်တိုင်တွေ့ပြီး နားလည်ကောင်း နားလည်ပါလိမ့်မယ်၊ ဘုရားရှင်ရဲ့ တရားအမွေခံ အစစ် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ဘုရား”
ဤတွင် မာလုကျပုတ္တအရှင်အား ဗုဒ္ဓမြတ်စွာက အခြေခံကျနလှသည့် ကမ္မဋ္ဌာန်းကို မေးကာဖြေကာဖြင့် ဟောကြားတော်မူလေသည်။ ကျွန်ုပ်တို့ မာလုကျပုတ္တကိုပင် ကျေးဇူးတင်ရပေတော့မည်။ ကျွန်ုပ်တို့အဖို့ အဖိုးထိုက်တန်သော ရတနာတုံးတစ်ခုကို ရရှိစေသောကြောင့်ဖြစ်၏။
“မာလုကျပုတ္တ၊ ခုမေးမယ့်အရာကို သင့်သဘောကျဖြေပါ..။ ရှေးကလည်း မမြင်ဖူး၊ ယခု မြင်ဆဲလည်းမဟုတ်၊ မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့လဲ စိတ်မကူးဘူးသေးသည့် ရူပါရုံအဆင်းတွေမှာ သင့်အတွက် လိုချင်နှစ်သက်မှု၊ တပ်မက်သက်စွဲလန်းမှု၊ ချစ်ခင်မှုတွေ ဖြစ်နိုင်ပါသလား”
“မဖြစ်နိုင်ပါအရှင်ဘုရား”
ဤသို့ စသည်ဖြင့် အလားတူ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ကြံစည်စိတ်ကူးမှုတို့လည်း မေးတော်မူလေလျှင် အရှင်မာလုကျပုတ္တလည်း မဖြစ်နိုင်ကြောင်း လျှောက်ထားလေသည်။
ဤနေရာ၌ ရာဂကို ပဓာနအားဖြင့် မေးတော်မူသော်လည်း အပဓာနအားဖြင့် ဒေါသ မောဟ ဒိဋ္ဌိစတဲ့ ကိလေသာတို့လည်း မဖြစ်နိုင်ကြောင်း သိစေတော်မူလိုရင်းဖြစ်သည်။
ဤသို့ဆိုလျှင် မမြင်ရသေးသည့် အဆင်း မကြားရသေးသည့် အသံ စသည့် အာရုံ(၆)ပါးတို့မှာ ကိလေသာဖြစ်ခွင့်မရှိဟုမှတ်ယူရပေတော့မည်။ ဤသို့ မမြင် မကြားစသည့်အာရုံတို့နှင့်စပ်၍ ကိလေသာကို ပယ်နိုင်အောင် အားထုတ်ဖို့ လိုအပ်မည်မထင်ပေ…။
ထို့ကြောင့် မဟာစည်ဆရာတော်ဘုရားက
“မမြင်ရရာ ကိလေသာ သူဟာသူငြိမ်းသည်”ဟု စပ်ဆိုတော်မူခဲ့လေသည်။
မမြင်ရသည့် အာရုံမှာ ကိလေသာမဖြစ်လျှင် မြင်ရသည့်အာရုံမှာ ကိလေသာဖြစ်နိုင်ကြောင်း ထင်ရှားလေသည်။ ယင်းသို့မြင်ရလျှင် မြင်ဆဲလည်း ကိလေသာဖြစ်နိုင်သည်။ မြင်ပြီးလည်း ကိလေသာဖြစ်နိုင်သည်ပင်။ ဥပမာ ရိုက်ထားသည် ဓာတ်ပုံကို ပြန်လည်ကြည့်ရှုရာ လှပလျှင် နှစ်သက်မှု လောဘ၊ ပုံမလှပန်းမလှ ရုပ်ဆိုးနေလျှင် မကျေနပ်မှု ဒေါသစသည့် ကိလေသာတို့သည် ရိုက်ခဲ့ဘူးသည့် မူလပုံကို အာရုံပြုကာ စိတ်ထဲတွင် ထင်လာသကဲ့သို့တည်း။
မြင်ရသည့်အဆင်းအာရုံစသည်နှင့်စပ်၍ ကိလေသာကို အဘယ်ကဲ့သို့ ပယ်ရပါမည်နည်းဟု မေးဖွယ်ရှိလေသည်ကတစ်ကြောင်း။ နောက် မာလုကျပုတ္တအရှင်မြတ်က အကျဉ်းချုပ်ဟောတော်မူပါဟု လျှောက်ထားသည်ကတစ်ဖုံ မာလုကျပုတ္တအတွက်
“ချစ်သား မာလုကျပုတ္တ.မြင်ရ(ဒိဋ္ဌ)၊ ကြားရ(သုတ)၊ ရောက်ရ(မုတ)၊ သိရ(၀ိညာတ)တရားလေးမျိုးထဲတွင် မြင်လျှင် မြင်ကာမတ္တ ဖြစ်လတံ့၊ ကြားလျှင် ကြားကာမတ္တဖြစ်လတံ့၊ (နံလျှင် နံကာမတ္တဖြစ်လတံ့၊ စားလျှင် စားကာမတ္တဖြစ်လတံ့၊ ထိလျှင် ထိကာမတ္တဖြစ်လတံ့၊) (မုတကိုရည်ရွယ်သည်) သိလျှင် သိကာမတ္တဖြစ်လတံ့” ဟု ၀ိပဿနာလုပ်ငန်းစဉ်ကို လိုရင်း အကျဉ်းချုံးကာ ဟောတော်မူလိုက်သည်။
ဆက်လက်၍လည်း
“မာလုကျပုတ္တ.သင်သည် ထိုမြင်ရသည့် အဆင်းစသည်နှင့် သာယာခြင်း လောဘ၊ မုန်းထားခြင်း ဒေါသ၊ သိမှားခြင်း မောဟအလိုအားဖြင့် မစပ်ဆိုင်လတံ့။ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဟု ကပ်ငြိ၍ မတည်လတံ့။
မာလုကျပုတ္တ.မြင်ရသည့် အဆင်းစသည့်အာရုံ၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဟု ကပ်ငြိ၍ မတည်လတံ့၊ ထိုအခါ၌ သင်ဟုဆိုအပ်သော ရုပ်နာမ်အစဉ်သည် ဤလောက၌လည်း မရှ၊ ဟိုလောက၌လည်းမရှိ၊ အခြားလောက၌လည်း မရှိတော့ပြီ၊ ဤကဲ့သို့ သင်ဟုဆိုအပ်သော ရုပ်နာမ်မရှိခြင်းသည်ပင်လျှင် ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်တည်း”
(မြင်လျှင် မြင်ကာမတ္တဖြစ်ပါစေဟူရာ၌ တစ်စုံတစ်ခုသော ရူပါရုံအဆင်းကို မြင်သောအခါ မြင်စိတ်သည် ပကတိသဘောအားဖြင့် စင်ကြယ်သော စိတ်မနောသာ ဖြစ်၏။
မြင်အပ်သော ရူပါရုံကို လောဘဖြင့်လည်း မတတ်မက်၊(မြင်ကာမတ္တစိတ်သည် လောဘမဟုတ်)၊ ဒေါသဖြင့်လည်း မပြစ်မှား။ မောဟဖြင့်လည်း တွေဝေခြင်းမရှိပေ။
ဤသို့အားဖြင့် မြင်စိတ်မှာ ကိလေသာမရှိ။ ပကတိစင်ကြယ်နေသည့်အတိုင်း သူ့နောက်မှာဖြစ်ပေါ်လာသော ၀ီထိစိတ်များကိုလည်း ကိလေသာမယှဉ် စင်ကြယ်နေသော ၀ိပဿနာဇောစိတ်များသာ ဖြစ်ပွားနေပါစေဟု အဓိပ္ပာယ်ရပေသည်။
အတိုချုံး၍ လိုရင်းကိုဟောထားသော ဤဒေသနာတော်ဝယ် အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တဟူသော ရှုမြင်သုံးသပ်မှု အနုပဿနာ လေးမျိုးလုံးအကျုံးဝင်လျက်ရှိပေသည်။
တစ်စုံတစ်ခုကို မြင်လိုက်သောအခါ ရောက်တတ်ရာရာ ဆက်လက်တွေးတောမှုမပြုဘဲ မြင်ကာမတ္တနှင့် ရပ်လိုက်သဖြင့် တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ လိုချင်စရာဟူသော သုဘအယူအစွဲမျိုး ပေါ်မလာနိုင်တော့ပေ။
သမထကမ္မဋ္ဌာန်းအရာ၌ အသုဘကမ္မဋ္ဌာန်းများ ထည့်သွင်းရသည်မှာ ဤသို့သော သုဘအယူအစွဲမျိုးကို ပယ်ချိုးနိုင်ရေး အတွက်သာဖြစ်၏။
ယခု မြင်လျှင် မြင်ကာမတ္တဖြင့် ရပ်လိုက်သောအခါ ထိုအယူအစွဲတွေ ပေါ်လာခွင့်မရတော့သဖြင့် အသုဘဘာဝနာကို တသီးတသန့် ပွားမနေရဘဲ ၀ိပဿနာနှင့်အတူ အလိုလိုပွားပြီးဖြစ်နေ၏။
အကျိုးတရားပေါ်မှ အကြောင်းတရားကို ရှုမြင်သုံးသပ်သော နည်းအရဖြစ်၏။
ထို့အတူပင် သုခ၊ နိစ္စ၊ အတ္တ အယူအစွဲတို့လည်း ကပ်ရောက်ခွင့် မရတော့သဖြင့် ဒုက္ခစသော ဘာဝနာများကိုလည်း ပွားများပြီး ဖြစ်ပေသည်။
ဤသို့သော ၀ိပဿနာစခန်းကို ပရိညာသုံးပါးဖြင့် ဝေဖန်ကြည့်လျှင် ဉာတပရိညာနှင့် တီရဏပရိညာ နှစ်ပါးကို တွေ့ရမည်ဖြစ်၏။
မြင်စိတ်တစ်ခုဖြစ်ပေါ်လာသောအခါ ရောက်တတ်ရာရာ တွေးတောကြံစည်မှုမပြုဘဲ မြင်အပ်သော ရူပါရုံ သန့်သန့်ကိုလည်းကောင်း၊ မြတ်တတ်သော စိတ်သန့်သန့်ကို လည်းကောင်း ရှုမြင်သုံးသပ်လိုက်သောအခါ ပြုသူမရှိ ခိုင်းသူမပါ သူသဘောအလျောက် ဖြစ်ပေါ်နေသော တရားသဘောမျှပါကလားဟု သဘောပေါက်လာမည် ဖြစ်၏။ ဤသို့ သဘောပေါက်ခြင်းကို ဉာတပရိညာဟု ဆိုရပေမည်။
ခြောက်ဒွါရ၌ ခြောက်အာရုံ ဆုံလာလေသမျှကို အနိစ္စလက္ခဏာစသည်ဖြင့် ရှုမြင်သုံးသပ်သော သဘောပါနေသဖြင့် တီရဏပရိညာလည်း ပြည့်စုံပြီးဖြစ်၏။)
ဘုရားရှင်ကား ဤမျှအကျဉ်းဟောတော်မူလိုက်လျှင် မာလုကျပုတ္တရဟန်းမြတ်၏ ဉာဏ်တွင် အကျယ်တ၀င့်ထင်လာတော့သည်။ ထို့နောက် ဘုရားရှင်ကို လက်အုပ်ချီမိုးရှိခိုးပြီး ထိုနေရာမှ ဖဲခွါသွားလေတော့သည်။ ဖဲခွါသွားပြီး ကမ္မဋ္ဌာန်းတရားနှလုံးသွင်းလိုက်ရာ မာလုကျပုတ္တအရှင်မြတ်မှာ ရဟန္တာဖြစ်တော်မူလေသည်။

(ကိုးကား….သဠာယတန၀ဂ္ဂသံယုတ်၂၉၄-၉၊ မဟာစည်ဆရာတော်၏ မာလုကျပုတ္တသုတ်တရား၊ ညီတော်အာနန္ဒာ၏ တသက်တာမှတ်တမ်း)