Thursday, March 14, 2013

စင်ကြယ်မှု (၇)မျိုး


မး။ ။ ဝိပဿနာအလုပ်ထူထောင်နည်းများကို ကျင့်ရိုးကျင့်စဉ်အတိုင်း သိရှိရန်ကျမ်းဂန်တို့၌ ပြဆိုသောအတိုင်း အချုပ်အားဖြင့်ဖော်ပြပါ။
ဖြေ။ ။ ဝိပဿနာအလုပ်တည်ထောင်ပုံ ကျင့်လမ်းအစဉ်မှာ ဝိသုဒ္ဓိခုနစ်ပါးပင်ဖြစ်ပါသည်။

မေး။ ။ ထိုဝိသုဒ္ဓိခုနစ်ပါး သရုပ်ကို ဖော်ထုတ်၍ပြပါ။
ဖြေ။ ။ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ, လောကုတ္တရာဉာဏဒဿနဝိသုဒ္ဓိ, ဤသည်ကား ဝိသုဒ္ဓိခုနစ်ပါးဖြစ်ပါသည်။

မေး။ ။ ထိုခုနစ်ပါးတို့တွင် သီလဝိသုဒ္ဓိ၏ သဘောကိုအချုပ်အားဖြင့် ဖော်ပြပါ။
ဖြေ။ ။ အကျင့်သီလစင်ကြယ်မှုကို သီလဝိသုဒ္ဓိခေါ်ပါသည်၊ ရဟန်းဖြစ်လျှင် စတုပါရိသုဒ္ဓိသီလကြီး လေးပါးကိုစင်ကြယ်အောင် ကျင့်ဆောင်ရပါသည်၊ လူဖြစ်လျှင် ငါးပါးသီလ, ရှစ်ပါးသီလ,ဆယ်ပါးသီလများကို စင်ကြယ်အောင်ကျင့်ဆောင်ရပါသည်၊ သီလဝိသုဒ္ဓိဂုဏ်နှင့် ပြည့်စုံပါမှ အထက်စခန်းများသို့ တက်လှမ်းနိုင်ပါသည်၊ သမာဓိအခြေခံ ပညာအခြေခံ ဖြစ်သောသီလမျိုးကို အဓိသီလ  ခေါ်ပါသည်။

သီလဝိသုဒ္ဓိပြီး၏။

မေး။ ။ အဘယ်သဘောမျိုးကို စိတ္တဝိသုဒ္ဓိခေါ်ပါသနည်း။
ဖြေ။ ။ နီဝရဏအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်၍ သမာဓိမဏ္ဍိုင် ခံ့ခိုင်တည်ကြည်သော စိတ်မျိုးကို စိတ္တဝိသုဒ္ဓိခေါ်ပါသည်။ အချုပ်အားဖြင့်ဖြေဆိုရပါလျှင် အပ္ပနာဈာန်စိတ်အပေါင်းကို စိတ္တဝိသုဒ္ဓိခေါ်ပါသည်၊ ထိုစိတ္တဝိသုဒ္ဓိကိုပင်လျှင် အဓိစိတ္တ ခေါ်ပါသည်။

မေး။ ။ စိတ္တဝိသုဒ္ဓိစခန်းကို ထူထောင်ရန် အဘယ်တရားကို ပွားများရပါသနည်း။
ဖြေ။ ။ သမာဓိတရားကို တစ်ဆင့်ထက်တစ်ဆင့် ကြီးရင့်ထက်သန်အောင် ပွားများရပါသည်။

မေး။ ။ ထိုသမာဓိကို ပွားများကြောင်း ဖြစ်သောကမ္မဋ္ဌာန်းအာရုံတို့သည် အဘယ်မျှအပြားရှိပါသနည်း။
ဖြေ။ ။ သမာဓိ၏အာရုံဖြစ်သော သမထကမ္မဋ္ဌာန်းတို့သည် အပြားအားဖြင့် လေးဆယ်ရှိပါသည်။

မေး။ ။ ထိုသမထကမ္မဋ္ဌာန်းလေးဆယ်တို့၏ သရုပ်ကို အချုပ်အားဖြင့် ဖော်ပြပါ။
ဖြေ။ ။ ကသိုဏ်းဆယ်ပါး, အသုဘဆယ်ပါး, အနုဿတိဆယ်ပါး, ဗြဟ္မစိုရ်တရားဆယ်ပါး, အာဟာရေ ပဋိကုလသညာတစ်ပါး, စတုဓာတုဝ၀တ္ထာန်တစ်ပါး, အရူပကမ္မဋ္ဌာန်းလေးပါး ဤသို့အားဖြင့် သမထကမ္မဋ္ဌာန်း လေးဆယ်ဖြစ်ပါသည်။

မေး။ ။ ထိုလေးဆယ်တို့တွင် ကသိုဏ်းဆယ်ပါးကို သဘောအဓိပ္ပါယ်နှင့်တကွ သိလွယ်အောင်ဖော်ပြပါ။
ဖြေ။ ။ ပထဝီ=မြေကသိုဏ်း, အာပေါ=ရေကသိုဏ်း, တေဇော=မီးကသိုဏ်း, ဝါယော=လေကသိုဏ်း, နီလ=ညိုသောကသိုဏ်း, ပီတ=ရွှေသောကသိုဏ်း, လောဟိတ=နီသောကသိုဏ်း, ဩဒါတ=ဖြူသောကသိုဏ်း, အာကာသ=အပေါက်ဟင်းလင်းကသိုဏ်း, အာလောက=အလင်းရောင်ကသိုဏ်း ဤသည်ကား ကသိုဏ်းဆယ်ပါး ဖြစ်ပါသည်။

ဆောင်ပုဒ်- မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်လင်းဟူ၊ ဆယ်ဆူကသိဏ။

မေး။ ။ အသုဘဆယ်ပါးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြပါ။
ဖြေ။ ။ ဥဒ္ဒုမာတက=ဖူးဖူးရောင်သောအကောင်,
ဝိနီလက=ညိုမဲ၍နေသောအကောင်,
ဝိပုဗ္ဗက= ပြည်လိမ်းကျံ၍နေသောအကောင်,
ဝိစ္ဆိဒ္ဒက=အပိုင်းအပိုင်းဖြတ်၍ထားအပ်သောအကာင်,
ဝိက္ခာယိတက= ခွေး,ကျီး,လင်းတတို့ ကိုက်ခဲအပ်သောအကောင်,
ဝိက္ခိတ္တက=ဖရိုဖရဲပစ်၍ထားအပ်သောအကောင်,
ဟတဝိက္ခိတ္တက= သတ်ဖြတ်၍ပစ်ထားအပ်သောအကောင်,
လောဟိတက=သွေးပွက်ပွက်ယိုစီး၍ နေသောအကာင်,
ပုဠုဝက= တရွရွနှင့် ပိုးလောက်ကျ၍ နေသောအကောင်,
အဋ္ဌိက=အရိုးကောင်, ဤသည်ကား အသုဘကမ္မဋ္ဌာန်းဆယ်ပါးဖြစ်ပါသည်။

ဆောင်ပုဒ်- ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ဓားဖြတ်ပစ်ရေး၊ သွေးယို, ပိုးစု၊ အရိုးစု၊ ဆယ်ခု အသုဘာ။

မေး။ ။ အနုဿတိဆယ်ပါးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြပါ။
ဖြေ။ ။ ဗုဒ္ဓါနုဿတိ=ဘုရားဂုဏ်ကို သတိစိုက်၍ဆင်ခြင်ခြင်း
ဓမ္မာနုဿတိ=တရားဂုဏ်ကို သတိစိုက်၍ ဆင်ခြင်ခြင်း
သံဃာနုဿတိ=သံဃာ့ဂုဏ်ကို သတိစိုက်၍ဆင်ခြင်ခြင်း
သီလာနုဿတိ=အကျင့်သီလဂုဏ်ကို သတိပြု၍ဆင်ခြင်ခြင်း
စာဂါနုဿတိ=အလှူဒါနဂုဏ်ကို သတိစိုက်၍ဆင်ခြင်ခြင်း
ဒေဝတာနုဿတိ= နတ်တို့၏ ကုသိုလ်ဂုဏ်နှင့် မိမိ၏ကုသိုလ်ဂုဏ်ကို နှိုင်းယှဉ်၍ဆင်ခြင်ခြင်း
ဥပသမာနုဿတိ ကိလေသာငြိမ်းပြီးသော ရဟန္တာပုဂ္ဂိုလ် အရှင်မြတ်ကြီးတို့၏ ငြိမ်းမှုဂုဏ်ကို အာရုံစိုက်၍ ဆင်ခြင်ခြင်း
မရဏာနုဿတိ=သေရမည့်အရေးကို မြှော်တွေးစူးစိုက်၍ ဆင်ခြင်ခြင်း
ကာယဂတာသတိ=ဆံအစရှိသော ကိုယ်အစုကို သတိစိုက်၍ဆင်ခြင်ခြင်း
အာနာပါနဿတိ=ထွက်သက်ဝင်သက်နှစ်ပါးကို သတိစိုက်၍ဆင်ခြင်ခြင်း ဤသည်ကား အနုဿတိဆယ်ပါး ဖြစ်ပါသည်။

ဆောင်ပုဒ် - ဗု, ဓမ်, သံ, သီ၊ စာဂီ, ဒေဝတာ၊ သမာဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာနုဿတိ။

မေး။ ။ ဗြဟ္မစိုရ်တရားလေးပါးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြပါ။
ဖြေ။ ။ အလုံးစုံသောသတ္တဝါတို့၌ မိမိအသွင်ချစ်ခင်ခြင်းတည်းဟူသော မေတ္တာတစ်ပါး
ဆင်းရဲသော ဒုက္ခိတသတ္တဝါတို့၌ ညှာတာသနားခြင်းဟူသော ကရုဏာတစ်ပါး
ချမ်းသာသောသုခိတသတ္တဝါတို့၌ ဝမ်းသာနှစ်ခြိုက်ခြင်းဟူသော မုဒိတာတစ်ပါး
ဆင်းရဲသောသတ္တဝါ ချမ်းသာသော သတ္တဝါအလုံးစုံတို့၌ မုန်းချစ်မပြု လစ်လျူရှုသော ဥပေက္ခာတစ်ပါး ဤသည်ကား ဗြဟ္မစိုရ်တရားလေးပါးဖြစ်ပါသည်။

ဆောင်ပုဒ် - မေ, က, မု, ဥ၊ ပွါးများမှု၊ လေးခု ပမညာ။

မေး။ ။ အဘယ်သဘောမျိုးကို အာဟာရေပဋိကုလသညာခေါ်ပါသနည်း။
ဖြေ။ ။ စားသောက်အပ်သော အစာအာဟာရတို့၌ နှစ်သက်ဖွယ်မထင်ဘဲ စက်ဆုပ်ဖွယ်ဟု ဆင်ခြင်ခြင်းကို အာဟာရေပဋိကုလသညာခေါ်ပါသည်။

ဆောင်ပုဒ် - အာဟာရတွင်၊ ရွံဘွယ်လျှင်၊ မှတ်ထင် ဧက်သညာ။

မေး။ ။ အဘယ်သဘောမျိုးကို စတုဓာတုဝ၀တ္ထာန်ခေါ်ပါသနည်း။
ဖြေ။ ။ ပထီ=မြေဓာတ်၊ အာပေါ=ရေဓာတ်၊ တေဇော=မီးဓာတ်၊ ဝါယော=လေဓာတ်၊ ဤဓာတ်ကြီးလေးပါးတို့၏ သဘောကို အသီးအသီး ပိုင်းခြားဝေဖန်မှုကို စတုဓာတုဝ၀တ္ထာန်ခေါ်ပါသည်။

ဆောင်ပုဒ် - ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတုဝ၀တ္ထာ။

မေး။ ။ အရူပကမ္မဋ္ဌာန်းလေးပါးကို ဖော်ပြပါ။
ဖြေ။ ။ အာကာသာနဉ္စာယတနတစ်ပါးç ဝိညာဏဉ္စာယတနတစ်ပါးç အာကိဉ္စညာယတနတစ်ပါးç နေဝသညာ နာသညာယတနတစ်ပါး ဤသည်ကား အရူပကမ္မဋ္ဌာန်းလေးပါး ဖြစ်ပါသည်။

ဆောင်ပုဒ် - အာ, ဝိဉ်, အာ, နေ၊ ဤလေးထွေ၊ မှတ်လေ အရူပါ။
အလုံးစုံကိုပေါင်း၍ ရေတွက်သောအခါ သမထကမ္မဋ္ဌာန်းပေါင်း လေးဆယ်ဖြစ်ပါသည်။

မေး။ ။ ထိုကမ္မဋ္ဌာန်းလေးဆယ်တို့ကို ဆင်ခြင်သောအခါ အဘယ်သို့သောနိမိတ်များ ဖြစ်ပေါ်လာပါ သနည်း။
ဖြေ။ ။ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်,ပဋိဘာဂနိမိတ် ဤနိမိတ်သုံးပါးထင်လာပါသည်။

မေး။ ။ ထိုနိမိတ်သုံးပါး၏ အဓိပ္ပါယ်ကို သိလွယ်ရုံအကျဉ်းမျှ ဖြေဆိုပါ။
ဖြေ။ ။ ကမ္မဋ္ဌာန်းကို စီးဖြန်းစအခါ၌ ထင်မြင်လာသောနိမိတ်မျိုးကို ပရိကမ္မနိမိတ်ခေါ်ပါသည်၊ ကမ္မဋ္ဌာန်းစီးဖြန်းမှု ကျင့်သားရ၍ ခိုင်ခိုင်မြဲမြဲ စိတ်၌စွဲထင်သော နိမိတ်အာရုံကို ဥဂ္ဂဟနိမိတ်ခေါ်ပါသည်၊ ထို့နောက်တစ်ဖန် ရှုစားပြန်သည်ရှိသော် ထိုနိမိတ်အာရုံသည် တဖိတ်ဖိတ်ဝင်းပြောင်လျက် နေရောင်လရောင် ကြယ်တာရာရောင်တို့ကဲ့သို့ အံ့ဩစဖွယ် အဆန်းတကြယ်ဖြစ်၍လာပါသည်၊ ထိုနိမိတ်အာရုံကို ပဋိဘာဂနိမိတ် ခေါ်ပါသည်။

မေး။ ။ နိမိတ်သုံးပါးကို ခွဲခြား၍သိရပေပြီ၊ ထိုနိမိတ်သုံးပါးတို့၌ စူးစိုက်တည်တံ့သော သမာဓိအပြား ဘယ်နှစ်ပါးရှိပါသနည်း။
ဖြေ။ ။ ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိအားဖြင့် သုံးပါးရှိပါသည်။

မေး။ ။ ထိုသမာဓိသုံးပါးတို့၏ အဓိပ္ပါယ်ကို သိလွယ်အောင်ဖော်ပြပါ။
ဖြေ။ ။ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ဤနိမိတ်နှစ်ပါးဖြစ်ပေါ်ခိုက်၌ စူးစိုက်တည်တံ့သော သမာဓိကို ပရိကမ္မသမာဓိခေါ်ပါသည်၊ ပဋိဘာဂနိမိတ်ဖြစ်ပေါ်ခိုက်၌ စူးစိုက်တည်တံ့သော သမာဓိကို ဥပစာရသမာဓိ ခေါ်ပါသည်။ ဈာန်ဖြစ်ပေါ်သောအခါ ထိုဈာန်နှင့်ယှဉ်သောသမာဓိကို အပ္ပနာသမာဓိခေါ်ပါသည်။

မေး။ ။ ပဋိဘာဂနိမိတ်ထင်၍ ဥပစာရသမာဓိဖြစ်ပေါ်သောအခါ ယောဂီပုဂ္ဂိုလ်၏ သန္တာန်မှာ အဘယ်သို့သော အကျိုးထူးများဖြစ်ပေါ်လာပါသနည်း။
ဖြေ။ ။ ထိုအခါယောဂီပုဂ္ဂိုလ်သန္တာန်မှာ နီဝရဏအညစ်အကြေး ကင်းကွာ၍ စိတ်ဓာတ်အလွန်စင်ကြယ် ပါသည်၊ ထိုနောက်တဖန် ပွားများပြန်သည်ရှိသော် ပထမဈာန်တရား ဘွားခနဲပေါ်ပေါက်လာပါသည်။

ဆောင်ပုဒ်
(က) ပဋိဘာဂ၊ ထင်လာက၊ နီဝရဏ-ကွာ။
(ခ ) နီဝရဏ၊ ကွာတုံက၊ ဥပစာရ-လာ။
(ဂ ) ထိုနောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ-ဈာန်အပ္ပနာ။

မေး။ ။ အဓိစိတ္တခေါ်သော သမာဓိဈာန်တရားများသည် အဘယ်မျှလောက်ခရီးပေါက်အောင် ပြီးမြောက်ကြီးပွားနိုင်ပါသနည်း။
ဖြေ။ ။ ပထမဈာန်ကအစပြု၍ အဘိညာဉ်စခန်း ဝိဇ္ဇာလမ်းပေါက်အောင် ပြီးမြောက်ကြီးပွားနိုင်ပါသည်။

မေး။ ။ ဖြေကြားခဲ့သော စကားရပ်၌ပါရှိသည့် အဘိညာဉ်သဘောကို သရုပ်အဓိပ္ပါယ်နှင့်တကွ သိလွယ်အောင်ဖော်ပြပါ။
ဖြေ။ ။ မိုးပျံမြေလျှိုး ရုပ်သွင်သဏ္ဍာန်အမျိုးမျိုး တန်ခိုးအစုံ ဖန်ဆင်းနိုင်ခြင်းကို ဣဒ္ဓိဝိဓအဘိညာဉ် ခေါ်ပါသည်။ အဆင်းမျိုးစုံမြင်နိုင်ခြင်းကို ဒိဗ္ဗစက္ခုအဘိညာဉ်ခေါ်ပါသည်၊ အသံမျိုးစုံကြားနိုင်ခြင်းကို ဒိဗ္ဗသောတအဘိညာဉ်ခေါ်ပါသည်။ သူတစ်ပါးတို့၏ စိတ်အကြံမျိုးစုံ သိနိုင်ခြင်းကို စေတောပရိယအဘိညာဉ် ခေါ်ပါသည်၊ ရှေး၌ဖြစ်ခဲ့ဘူးသော ဘဝအမျိုးစုံသိနိုင်ခြင်းကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ခေါ်ပါသည်၊ သတ္တဝါတို့၏ ကံအားလျော်စွာ ဖြစ်မှုအမျိုးစုံ သိနိုင်ခြင်းကို ယထာကမ္မုပဂအဘိညာဉ်ခေါ်ပါသည်၊ နောင်ဖြစ်လတံ့အမျိုးစုံ သိနိုင်ခြင်းကို အနာဂတံသအဘိညာဉ်ခေါ်ပါသည်၊ ဤသည်ကား အဘိညာဉ်၏ သရုပ်အဓိပ္ပါယ်ကို ဖြေဆိုချက်ဖြစ်ပါသည်။
စိတ္တဝိသုဒ္ဓိပြီး၏။

မေး။ ။ အဘယ်သဘောမျိုးကို ဒိဋ္ဌိဝိသုဒ္ဓိဆိုပါသနည်း။
ဖြေ။ ။ ပုဂ္ဂိုလ်သတ္တဝါ, ငါ, သူတစ်ပါး, ယောကျာ်း, မိန်းမ, အတ္တဇီဝ, ဟုဆိုအပ်သော အထင်အမြင်တို့၏ စင်ကြယ်သန့်ရှင်းမှုကို ဒိဋ္ဌိဝိသုဒ္ဓိခေါ်ပါသည်။

မေး။ ။ အဘယ်သဘောမျိုးကို ကင်္ခါဝိတရဏဝိသုဒ္ဓိခေါ်ပါသနည်း။
ဖြေ။ ။ ရုပ်နာမ်ခန္ဓာတို့၏ အကြောင်းအကျိုးဆက်စပ်၍ ပဋိစ္စသမုပ္ပါဒ်သဘောအတိုင်း ဖြစ်ပေါ်၍ နေကြပုံများကို ထင်ရှားစွာသိမြင်သောအခါ ငါဖြစ်သည်çသူဖြစ်သည်çယောကျာ်းဖြစ်သည်çမိန်းမဖြစ်သည်ç ဤသို့စသောအားဖြင့် ယုံမှားခြင်းအမျိုးမျိုး ပျောက်ကင်းစင်ကြယ်ပါသည်၊ ထိုကဲ့သို့ယုံမှားခြင်းအမျိုးမျိုး ပျောက်ကင်းစင်ကြယ်မှုကို ကင်္ခါဝိတရဏဝိသုဒ္ဓိခေါ်ပါသည်။

မေး။ ။ အဘယ်သဘောမျိုးကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိခေါ်ပါသနည်း။
ဖြေ။ ။ ဝိပဿနာÓဏ်ဆယ်မျိုးတို့ဖြင့် ရုပ်နာမ်ခန္ဓာတို့၏ မမြဲပုံçဆင်းရဲပုံç အစိုးမရပုံများကို စုံလင်စွာ ရှုဆင်ခြင်၍ မဂ်ဟုတ်သည် မဟုတ်သည် ခွဲခြားပြီးလျှင် ဉာဏ်အမြင်စင်ကြယ်မှုကို မဂ္ဂါမဂ္ဂÓဏဒဿန ဝိသုဒ္ဓိခေါ်ပါသည်။

မေး။ ။ ဖြေကြားအပ်သော စကားတွင်ပါရှိသည့် ဝိပဿနာဉာဏ်ဆယ်ပါးကို သရုပ်အဓိပ္ပါယ်နှင့်တကွ သိလွယ်အောင်ဖေါ်ပြပါ။
ဖြေ။ ။ (၁) ရုပ်နာမ်တရားတို့ကို ခန္ဓာအာယတနစသည်ဖြင့် ဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးသို့တင်၍ အကြမ်းအားဖြင့်ရှုစား ဆင်ခြင်သောဉာဏ်သည် သမ္မသနဉာဏ်မည်၏။
ဆောင်ပုဒ်- ခန္ဓာဒိနည်း၊ ဖွဲ့စည်းပြီးကာ၊ သုံးဖြာလက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။

(၂) ထိုရုပ်နာမ်ခန္ဓာတို့၏ အဖြစ်အပျက် နှစ်ပါးစုံကို ရှုဆင်ခြင်သောÓဏ်သည် ဥဒယဗ္ဗယဉာဏ်မည်၏။
ဆောင်ပုဒ် - ဖြစ်ပွားပျက်မှု၊ အစုံရှု၊ ဥဒယဗ္ဗယဉာဏ်။

(၃) ဖြစ်မှုကိုလွှတ်၍ ပျက်မှုသက်သက်ကိုသာ ရှုသောဉာဏ်သည် ဘင်္ဂဉာဏ်မည်၏။
ဆောင်ပုဒ်- အပျက်ကိုသာ၊ ရှုတုံပါ၊ သညာဘင်္ဂဉာဏ်။

(၄) ပျက်မှုတွေကို မြင်သဖြင့် ရုပ်နာမ်ခန္ဓာတို့၌ ကြောက်ဖွယ်ဘေးကြီးထင်လာသော ဉာဏ်သည် ဘယဉာဏ်မည်၏။
ဆောင်ပုဒ် - အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေမင်းဟု၊ ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေ ဘယဉာဏ်။

(၅) ရုပ်နာမ်ခန္ဓာမျိုး၌ ခိုကိုးဖွယ်မရှိ အပြစ်အတိသာဟု ထင်မြင်သောဉာဏ်သည် အာဒိနဝဉာဏ်မည်၏။
ဆောင်ပုဒ် - ကြောက်ဖွယ်ခပင်း၊ မြင်တုံလျင်းက၊ ဘေးဘယမျိုး၊ ရုပ်နာမ်ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်းသိ၊ အာဒိနဝဉာဏ်။

(၆) အပြစ်ကိုထင်ရှားစွာမြင်သဖြင့် ရုပ်နာမ်ခန္ဓာတို့၌ လွန်စွာငြီးငွေ့သောဉာဏ်သည် နိဗ္ဗိန္ဒဉာဏ်မည်၏။
ဆောင်ပုဒ် - ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍ မချမ်းမမြေ့၊ ငြီးငွေ့သောထွေ၊ စိတ်အနေ၊ မှတ်လေ နိဗ္ဗိဒံ။

(၇) ငြီးငွေ့လှသဖြင့် အမြန်ထွက်ရအောင် လိုလားသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ်မည်၏။
ဆောင်ပုဒ်- ငြီးငွေ့အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ မုစ္စိတုကမျတာဉာဏ်။

(၈) လွက်မြောက်လိုလှသဖြင့် ရှေးကထက်တိုး၍ အားတိုက်ကြိုးစားကာ ရှုဆင်ခြင်သောဉာဏ်သည် ပဋိသင်္ခါဉာဏ်မည်၏။
ဆောင်ပုဒ်- လွက်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာလေးဆယ်၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဘိ၊ ပဋိသင်္ခါဉာဏ်။

(၉) ရုပ်နာမ်ခန္ဓာတို့၌ မုန်းချစ်မပြု လျစ်လျူရှုနိုင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏။
ဆောင်ပုဒ်- အားတိုက်ရှု၍၊ လွတ်မှုလွတ်ရန်၊ အမြင်သန်က၊ ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မတွယ်သမှု၊ လျစ်လျူရှု၊ သင်္ခါရုပေက္ခာဉာဏ်။

(၁၀) မဂ်ဉာဏ်ဖြစ်ပေါ်အောင် သင့်လျော်စွာ ရင့်သန်၍နေသောဉာဏ်သည် အနုလောမဉာဏ်မည်၏။
ဆောင်ပုဒ်- မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်လေးဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ အနုလောမဉာဏ်။
ဤသည်ကား ဝိပဿနာÓဏ်ဆယ်ပါးကို သရုပ်အဓိပ္ပါယ်နှင့်တကွ အကျယ်ဖြေဆိုချက် ဖြစ်ပါသည်။

မေး။ ။ ဝိပဿနာဉာဏ်ဆယ်ပါး ရင့်သန်လာသောအခါ ယောဂီပုဂ္ဂိုလ်၏သန္တာန်မှာ အဘယ်ကဲ့သို့သော အန္တရာယ်များ ဖြစ်ပေါ်လာတတ်ပါသနည်း။
ဖြေ။ ။ ထိုအခါ ယောဂီပုဂ္ဂိုလ်၏သန္တာန်မှာ ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်၍လာခြင်းç အနှစ်သိမ့်ကြီး နှစ်သိမ့်ခြင်း အငြိမ်းကြီးငြိမ်းချမ်းခြင်းç အစရှိသော အန္တရာယ်ဆယ်ပါး ဖြစ်ပေါ်လာတတ်ပါသည်။

မေး။ ။ ထိုအန္တရာယ်ဆယ်ပါးဖြစ်ပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်၏စိတ်တွင် အဘယ်ကဲ့သို့ ထင်မြင်လာတတ်ပါသနည်း။
ဖြေ။ ။ ကိုယ်ရောင်ကိုယ်ဝါထွက်ခြင်းမှစ၍ အန္တရာယ်ဆယ်ပါးဖြစ်ပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်သည် မဂ်ကိုမရသေးပါဘဲလျက် ငါသည်မဂ်ကိုရပြီဟု မှားယွင်းသောအထင်အမြင်များ ဖြစ်ပေါ်၍လာတတ်ပါသည်။

မေး။ ။ ထိုသို့ထင်မြင်သောအခါ အဘယ်Óဏ်ဖြင့် ရှင်းလင်းရပါသနည်း။
ဖြေ။ ။ မဂ်ဟုတ်သည် မဟုတ်သည် အတည်တကျဆုံးဖြတ်နိုင်သော ဝိပဿနာÓဏ်ဖြင့် အဖန်ဖန် ဆင်ခြင်၍ ရှင်းလင်းရပါသည်၊ ထိုÓဏ်ကိုပင် မဂ္ဂါမဂ္ဂÓဏဒဿနဝိသုဒ္ဓိခေါ်ပါသည်။

ဆောင်ပုဒ်
(က) ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ရပ်အန္တရာယ်။
(ခ ) ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင်ရှင်းကာ၊ အလင်းသာ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏။
-----------

မေး။ ။ အဘယ်ကဲ့သို့သော ဉာဏ်မျိုးကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟုခေါ်ပါသနည်း။
ဖြေ။ ။ မဂ် ဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်ပြီးနောက် ဥဒယဗ္ဗယÓဏ်ကစ၍ ဝိပဿနာÓဏ်ကိုးပါး တို့ဖြင့် တစ်ဖန်ကြိုးစား၍ ဆင်ခြင်သောÓဏ်ကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိခေါ်ပါသည်။

ဆောင်ပုဒ် - ဥဒယဉာဏ်၊ တဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။

မေး။ ။ အဘယ်ကဲ့သို့သောဉာဏ်မျိုးကို လောကုတ္တရာဉာဏဒဿနဝိသုဒ္ဓိခေါ်ပါသနည်း။
ဖြေ။ ။ ဝိပဿနာဉာဏ်ဆယ်ပါးဖြင့် ရှုစားဆင်ခြင်၍ ဉာဏ်အမြင် စူးရှထက်သန်လာသောအခါ ရှေးဦးစွာ သောတာပတ္တိမဂ်ဉာဏ်ပေါ်ပေါက်လာပါသည်။ ။ ထိုသောတာပတ္တိမဂ်မှစ၍ လောကုတ္တရာစိတ်ရှစ်ပါးတို့၌ အစဉ်အတိုင်းဖြစ်ပွါးပါရှိသောÓဏ်ကို လောကုတ္တရာÓဏဒဿနဝိသုဒ္ဓိခေါ်ပါသည်။
ဝိသုဒ္ဓိခုနစ်ပါးပြီး၏။


လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အနတ္တလက္ခဏသုတ် အမေးအဖြေမှ...