Sunday, August 12, 2012

စံကင်းဆရာတော်နှင့် ဗေဒင်

ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးအား ဟောသော ဗေဒင်ဟောကိန်းများနှင့် ဆရာတော်ဘုရားကြီး၏ ဗေဒင်အပေါ် သဘောထားပုံကို မှတ်သားသင့်၏။

နိုင်ငံကျော် ပုဂ္ဂိုလ်ထူးကြီးများထံ ဗေဒင်ဆရာ၊ လက္ခဏာဆရာများကလည်း အထူးချဉ်းကပ်လေ့လာကြမြဲဖြစ်သည်။ အစွမ်းကုန်လည်း ကြိုးစာတွက်ချက်ကြမြဲဖြစ်၏။ အထူးသဖြင့် သက်တော်ရှည်စံကင်းဆရာတော်အားလည်း ဗေဒင်ကျော်တို့သည် "ဆရာတော်အသက် မည်မျှရှည်မည်"ကို တွက်စစ်ကြည့်ကြသည်။ ယင်းအသက်ဖြတ် ဝေဒပညာရပ်ကို "အာယုဒသာ"ဟု ခေါ်၏။

ဆရာတော်ကြီး၏ ဇာတာကို အာယူဒသာ ဖြတ်ကြရာ........
၁။ ညောင်ကန်နည်းအရ ၉၇နှစ်၊ ၅လ၊ ၂၅ရက်၊ ၉ နာရီ။
၂။ ဂွေးချိုနည်းအရ ၉၇နှစ်၊ ၇လ၊ ၁၃ရက်၊ ၈ နာရီ။
၃။ အပရေ၀ါဒနည်းအရ ၁၀၅ နှစ်၊ ၅ လ၊ ၂၅ ရက်၊ ၉ နာရီ- ဟု တွက်ကိန်း သုံးနည်းဖြင့် ကြိုတင်၍ ဟောကိန်းထုတ်ထားကြ၏။ တစ်ခုခုတော မှန်ကောင်းရာ၏။ သို့ရာတွင် ဆရာတော်ကြီး အသက်တစ်ရာသို့ ရောက်လာသောအခါ ၁-၂(ပ-ဒု)နည်းနှစ်နည်းလုံး မှားယွင်းခဲ့သည်။


ထိုအခါ ကြိုးစားမင်းစား တွက်ချက်ထားသော မန္တလေး အရှေ့ပြင် ဗေဒင်အကျော် တိုက်အုပ်ဆရာတော်ကြီးတပါးက....
"နှစ်နည်းတော့ မှားသွားပြီဟေ့၊ နောက်တနည်း အပရေ၀ါဒ(အချို့ဆရာအယူ) အဆိုကိုပဲ စောင့်ကြည့်ရတော့မယ်။ ဆရာတော်ကြီးကို အာယုဒသာဖြတ်ဖို့ မလွယ်ဘူး" ဟုပင် အားလျှော့ စိတ်ပျက်သံ ထွက်လာလေ၏။

ထိုအကြောင်းကို စံကင်းဆရာတော်ကြီးအား လျှောက်ထားကြရာ.....
" သူတို့က ငယ်ငယ်တုန်းက ဇာတာကို ကြည့်ပြီး ဟောကြတာကိုး။ တို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ပဲနဲ့။ အခုလုပ်နေတဲ့ အလုပ်ကို ကြည့်ပြီးဟောမှ မှန်တော့မပေါ့" ဟု မိန့်တော်မူသည်။

ဆရာတော်ကြီးကား သက်တော် ၁၀၂ နှစ်တွင် ပြန်လွန်တော်မူလေရာ ဟောကိန်း သုံးနည်းစလုံး တခုမျှ မမှန်ရုံမျှမက၊ နီးစပ်မှုပင်မရှိခဲ့ချေ။ ဆရာတော်ကြီးကပင် ဗေဒင်ကို ပမဏမပြုရစ်ကြစေရန် ကိုယ်တော်တိုင် တမင် ကြားချ၍ အယုဖြတ်သွားတော်မူလေသလားမသိ။
(စံကင်းဆရာတော် ဂုရုပ္ပတ္တိကထာ-၄၆၄၌ ရှုပါ။)

မှတ်ချက်။   ။ ဓမ္မာစရိယဦးဌေးလှိုင်၏ ဓမ္မဒူတစာအုပ်မှ တင်ပြပါသည်။